အိန္ဒိယနိုင်ငံ တောင်ပိုင်း ကဲရီလာ ပြည်နယ်မှာ နီပါး ဗိုင်းရပ်စ် ကူးစက်ခံရပြီး အသက် (၁၄) နှစ်အရွယ် ယောင်္ကျားလေးတစ်ယောက် သေဆုံးရတဲ့နောက် အာဏာပိုင်တွေက ရောဂါထိန်းချုပ်တားဆီးရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

လူပေါင်း (၆၀) လောက်မှာလည်း အဲဒီ နီပါး ဗိုင်းရပ်စ် တွေ့ရှိထားရတယ်လို့လည်း ပြည်နယ် ကျန်းမာရေး တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ လင်းနို့နဲ့ ဝက် လို တိရိစ္ဆာန်တွေဆီကနေ လာတဲ့ အဲဒီနီပါးဗိုင်းရပ်စ်ဟာ လူသားတွေဆီမှာ အသက်အန္တရာယ်ရှိလောက်တဲ့အထိ ဦးနှောက်အမြှေးယောင်ယမ်း ဖျားနာတဲ့ ရောဂါကို ဖြစ်စေနိုင်ပါတယ်။

ဒေသတစ်ခုထဲမှာ ကူးစက်ရောဂါအဆင့်ထိဖြစ်နိုင်စွမ်းရှိလို့ အဲဒီ နီပါးဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ဦးစားပေးစောင့်ကြည့်ရမဲ့ ရောဂါပိုးမွှားတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

ကဲရီလာမှာ အဲဒီဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ယောက်ျားလေးဟာ တနင်္ဂနွေနေ့က နှလုံးရပ်ပြီး သေဆုံးသွားခဲ့တာလို့ ပြည်နယ် ကျန်းမာရေးဝန်ကြိး ဗီးနား ဂျော့ချ်က သတင်းထောက်တွေကို ပြောပါတယ်။

ရောဂါထိန်းချုပ်ရေးအတွက် ပြည်နယ် အစိုးရအနေနဲ့ ရောဂါဖြစ်ပွားမှု စိစစ်ဖို့ နဲ့ ကူးစက်ခံရသူတွေကို သီခြားခွဲထုတ်ထားဖို့အတွက် ဆောင်ရွက်မဲ့ ကော်မီတီ (၂၅)ခု ဖွဲ့စည်းဖို့ ညွှန်ကြားထားကြောင်းလည်း ပြောပါတယ်။
စာသင်ကျောင်းတစ်ကျောင်းမှာ ရောဂါကူးစက်ခံရတဲ့ ယောက်ျားလေးတစ်ယောက်ကို တွေ့ရှိထားပြီး အဲဒီလူနာ နဲ့ ထိတွေ့သူတွေကို စောင့်ကြည့်နေကြောင်းလည်း ကျန်းမာရေးတာဝန်ရှိသူတွေကပြောပါတယ်။ အဲဒီနီးပါး ဗိုင်းရပ်စ်ကို လွန်ခဲ့တဲ့ (၂၅) နှစ်ကျော်တုန်းက မလေးရှားနိုင်ငံမှာ ပထမဆုံး တွေ့ရှိခဲ့ရပြီး ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ နဲ့ စင်္ကာပူနိုင်ငံတွေမှာ ရောဂါကူးစက်မှုဖြစ်ပွားခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။