ဇွန်လ ၃ ရက်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ရွေးကောက်ပွဲမှာ နိုင်ငံ ၅ နိုင်ငံ အနိုင်ရရှိခဲ့ပြီး ၂ နှစ် တာ သက်တမ်းကို ဇန်နဝါရီလမှာ စတင်ထမ်းဆောင်မယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ကောင်စီမှာ အလှည့်ကျတာဝန်ထမ်းဆောင်ရမဲ့ နေရာ ၅ နေရာအတွက် လျှို့ဝှက်မဲပေးစနစ်နဲ့ မဲပေးခဲ့တာလို့ သိရပါတယ်။ တာဝန်ထမ်းဆောင်ရမဲ့နိုင်ငံ ၅ နိုင်ငံက ဘာရိန်း၊ ကွန်ဂို၊ လိုက်ဘေးရီးယား၊ ကိုလံဘီယာနဲ့ လတ်ဗီးယားနိုင်ငံတို့ ဖြစ်ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုထဲ အတင်းအကျပ်ပေါင်းစည်းခဲ့ရပြီး ၁၉၉၁ ခုနှစ်က လွတ်လပ်ရေးရခဲ့တဲ့ လတ်ဗီးယာ သမ္မတနိုင်ငံအတွက် ဒါဟာ ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်မှုလို့ သိရပါတယ်။ လတ်ဗီးယာ နိုင်ငံခြားရေး ဝန်ကြီးကတော့ ဘောလ်တစ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မိမိတို့နိုင်ငံဟာ တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပြီ ဖြစ်တယ်လို့ မဲပေးအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ လတ်ဗီးယားနိုင်ငံက ယူကရိန်းမှာ မျှတတည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့နဲ့ အရှေ့အလယ်ပိုင်း၊ ဂါဇာ၊ အာဖရိကနဲ့ ကမ္ဘာတစ်ဝန်းက အခြား သဘောထားကွဲလွဲနေတဲ့ဒေသတွေက ဆင်းရဲဒုက္ခတွေ လျော့ပါးစေဖို့ ကြိုးစားသွားမဲ့ အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။ကောင်စီမှာ အာရပ် ကိုယ်စားလှယ်ဖြစ်တဲ့ ဘာရိန်းနိုင်ငံက ဒုတိယအကြိမ် တာဝန်ထမ်းဆောင်တဲ့အခါ နိုင်ငံ တကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် လက်ဦးမှုယူကာ ပံ့ပိုးပေးနိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဘာရိန်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

တတိယအကြိမ် တာဝန်ထမ်းဆောင်ရမယ့် ကွန်ဂိုနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း အခုလို အနိုင်ရရှိခဲ့တာက အာဖရိကရဲ့ ညီညွတ်မှုအပြင် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးလုပ်ငန်းစဉ်တွေမှာ မိမိတို့ ရသင့်ရထိုက်တဲ့နေရာကို ထင်ဟပ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လိုက်ဘေးရီးယားနိုင်ငံရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက လည်း မိမိတို့နိုင်ငံက ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ အခိုင်အမာဆုံး ဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ကိုလံဘီယာနိုင်ငံရဲ့ ကုလသမဂ္ဂသံအမတ်ကလည်း နိုင်ငံအားလုံးညီညွတ်ပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။