ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဟာ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံအမတ်ကြီး မစ္စမာကျားကို ဩဂုတ် ၂၇ ရက်က နေပြည်တော်မှာတွေ့ဆုံပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ပလက်ဖောင်းတွေမှာ အပြန်အလှန်ထောက်ခံအားပေးမှုကိုမြှင့်တင်တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်ထားပါတယ်။
တွေ့ဆုံရာမှာတော့ သံအမတ်ကြီး မစ္စမာကျားက မိမိတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တရုတ်-မြန်မာ အစဉ်အလာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ပြန့်ပွားအောင်လုပ်ဆောင်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု လက်တွေ့ကျလာစေဖို့ မြှင့်တင်သွားမှာဖြစ်တယ်လို့ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ အရေးကြီးသဘောတူညီချက်တွေရရှိခဲ့ပြီး မြန်မာ-တရုတ် ဆက်ဆံရေးမှာ တက်ကြွတဲ့တိုးတက်မှုအသစ်တွေ ရရှိရေး တွန်းအားပေးဖော်ဆောင်သွားဖို့မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းတာ၊ မြန်မာနိုင်ငံစီးပွားရေးနဲ့ ပြည်သူအကျိုးပြုဖွံ့ဖြိုးရေးကို ထောက်ခံအားပေးတာ၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကိုကာကွယ်တာ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာပလက်ဖောင်းတွေမှာ အပြန်အလှန်ထောက်ခံအားပေးမှုကို မြှင့်တင်တာစတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ထုတ်ပြန်ထားပါတယ်။