တရုတ်(တိုင်ပေ)ကမ်းလွန်မှာ ဇူလိုင်၂၅ ရက်၊ မနက်ပိုင်းက ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာ မြန်မာ သင်္ဘောသား ၉ယောက် ပျောက်ဆုံးနေတယ်လို့ ကုန်သွယ်ရေကြောင်း သတင်းတွေ ဖော်ပြတဲ့ Splash 247.com ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။
တန်ဇန်းနီးယားအလံတင်သင်္ဘော “ဖူရွှမ်း”ဟာ တိုင်ဖွန်းမုန်တိုင်း “ဂေမီ” တိုက်ခတ်မှုကြောင့် တရုတ်(တိုင်ပေ)၊ ကောင်ရှုံးမြို့ကမ်းရိုးတန်းနဲ့ ၁၉ မိုင်အကွာ ရေပြင်မှာ နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီသင်္ဘောပေါ်က မြန်မာသင်္ဘောသား ၉ ယောက်ဟာ အသက်ကယ်အင်္ကျီတွေဝတ်ဆင်ကာ သင်္ဘောကို စွန့်ခွာခဲ့တာဖြစ်ပြီး ရာသီဥတုအခြေအနေကောင်းမွန်လာရင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ စတင် မယ်လို့ ဒေသအာဏာပိုင်တွေက ပြောကြားထားပါတယ်။
တိုင်ဖွန်းမုန်တိုင်း “ဂေမီ”ကြောင့် အနည်းဆုံး နောက်ထပ်သင်္ဘောသုံးစင်းလည်း သောင်တင်သွားတယ်လို့ တရုတ်(တိုင်ပေ) အမျိုးသားကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားထားပါတယ်။