အသက်အန္တရာယ်ရှိစေနိုင်မဲ့ ကိုယ်ဝန်ကို ဖျက်ချပေးဖို့ ငြင်းဆန်ခဲ့တဲ့ ဆေးရုံကို ပိုလန်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ဒဏ်ငွေရိုက်ကာ အရေးယူလိုက်ပါတယ်။
ဒီအတွက် အသက်ဇီ၀ အဆုံးသတ်မှုဆိုင်ရာ ဥပဒေစည်းမျဉ်းတွေ တင်းကျပ်တဲ့ ပိုလန်နိုင်ငံမှာ အခုကိစ္စဟာ သိသာထင်ရှားတဲ့ အရွေ့တစ်ခုဖြစ်လာပါတယ်။
ကိုယ်ဝန် (၁၄)ပတ် လွယ်ထားရတဲ့ အသက်(၄၁)နှစ်အရွယ် အမျိုးသမီးဟာ ပါဘီယန်နိုစ် ဆေးရုံမှာ ကိုယ်ဝန်ဖျက်ချဖို့ သွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးက ဒီကိုယ်ဝန်ကို ဆက်လွယ်ထားမယ်ဆိုရင် အသက် ဒါမှဟုတ် ကျန်းမာရေးအတွက် အန္တရာယ် ရှိနိင်ကြောင်း ဖော်ပြထားတဲ့ စိတ်ရောဂါကုဆရာဝန်ရဲ့ ထောက်ခံချက်ကို တင်ပြခဲ့ပေမဲ့ ဆေးရုံဘက်ကနေ ငြင်းပယ်ခဲ့တာပါ။

ဒီအတွက် တခြားဆေးရုံမှာ ပြောင်းပြီး ကိုယ်ဝန်ဖျက်ချခဲ့ရတယ်လို့ အမျိုးသမီးအခွင့်အရေးနဲ့ မိသားစုစီမံကိန်းဆိုင်ရာ ဖောင်ဒေရှင်းတာဝန်ရှိသူ တစ်ယောက်က ရိုက်တာကို ပြောပြပါတယ်။
အဲဒီလို ဆေးရုံက ငြင်းပယ်ခဲ့တာဟာ ဥပဒေနဲ့ မညီဘူးလို့ အမျိုးသားကျန်းမာရေးရန်ပုံငွေအဖွဲ့က ဆုံးဖြတ်ပြီး ငြင်းပယ်ခဲ့တဲ့ ဆေးရုံကို အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ဒဏ်ငွေရိုက်ခဲ့တာဖြစ်ပါတယ်။
ပိုလန်နိုင်ငံမှာ အမျိုးသားရေးဝါဒီ အစိုးရအဖွဲ့ဟောင်း လက်ထက်တုန်းက ရှေးရိုးစွဲ လူမှုရေးစံနှုန်းတွေကို အခြေခံတဲ့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့သလို ၂၀၂၁ ခုနှစ်မှာပဲ ကိုယ်ဝန်ဖျက်ချမှုကို ပိတ်ပင်တားမြစ်ခဲ့ပါသေးတယ်။
မကြာသေးတဲ့ နှစ်တွေကစပြီး ကိုယ်ဝန် ဖျက်ချမှုဆိုင်ရာ လူထုဆန္ဒဖော်ထုတ်မှုတွေ ပေါ်ပေါက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကာလ မဲဆွယ်ပွဲတွေမှာ အမျိုးသမီး အခွင့်အရေးဟာ အဓိကကျတဲ့ အကြောင်းအရာဖြစ်ခဲ့ပြီး ဥရောပလိုလားတဲ့ ညွန့်ပေါင်းအစိုးရကို အာဏာရစေခဲ့ပါတယ်။