ကိုယ်ဝန်ဖျက်မှုဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူ (၂၃)ယောက်ကို သမ္မတဟောင်း ဘိုင်ဒန်လက်ထက်က စွဲဆို ထားတဲ့ အမှုတွေကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။ အဲဒီ တက်ကြွလှုပ်ရှားသူတွေဟာ တရားစွဲခံရဖို့ မသင့်ဘူးလို့ အိမ်ဖြူတော် ဘဲဥပုံခန်းမမှာ သတင်းထောက်တွေကို ထရမ့်က ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အဲဒီလူတွေဟာ အသက်ကြီးသူတွေ အများစုဖြစ်ပြီး တရားစွဲခံရဖို့ မသင့်ကြောင်းနဲ့ အခုလို လွတ်ငြိမ်းအမိန့် လက်မှတ်ထိုးရတာဟာ ဂုဏ်ယူစရာဖြစ်ပြီး သူတို့တွေ လည်း အလွန်ဝမ်းမြောက်ကြလိမ့်မယ်လို့ ထရမ့်က ပြောပါတယ်။ လွတ်ငြိမ်းခွင့်ရသူတွေရဲ့ နာမည်တွေကို ထုတ်ပြောတာမျိုးတော့ မရှိပါဘူး။ ထရမ့်ဟာ မဲဆွယ်စဉ်ကာလက ကိုယ်ဝန်ဖျက်မှု ဆန့်ကျင်လှုပ်ရှားသူတွေဆီ ကနေ ထောက်ခံမှုရဖို့ ကြိုးပမ်းခဲ့ပေမဲ့ ကိုယ်ဝန်ဖျက်မှုကို တားမြစ်ပိတ်ပင်တဲ့ ဖယ်ဒရယ် အမိန့်တစ်ရပ်ကို ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ပြောဆိုထားခဲ့ဖူးပါတယ်။

ကြာသပတေးနေ့မှာပဲ အမေရိကန်အောက်လွှတ်တော်က ကိုယ်ဝန်ဖျက်မှုမှ အသက်ရှင်လွတ်မြောက်သူများအား အကာအကွယ်ပေးခြင်း အက်ဥပဒေကို ထောက်ခံမဲ ၂၁၇ မဲ-ကန့်ကွက်မဲ၂၀၄ မဲနဲ့ ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေကြမ်းဟာ ကျန်းမာရေးဝန်ထမ်းအနေနဲ့ ကိုယ်ဝန်ဖျက်ချမှု ဒါမှမဟုတ် ကိုယ်ဝန်ဖျက်ဖို့ ကြိုးပမ်းမှုကနေ အသက်မသေဘဲ ရှင်ကျန်လွတ်မြောက်တဲ့ ကလေးငယ်ကို လုံလောက်တဲ့ ပြုစုကုသစောင့်ရှောက်မှုပေးဖို့ ပျက်ကွက်ခြင်းကနေ တားမြစ်တဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။ အမေရိကန်ပြည်မှာ အသက်ရှင်လျက် မွေးဖွားလာတဲ့ ကလေးငယ်ကို ရည်ရွယ်ချက်ရှိရှိ သတ်တာကို လူသတ်မှု အဖြစ် သတ်မှတ်ထားပါတယ်။