ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ ရောက်ရှိနေတဲ့ မြောက်ကိုရီးယားတပ်တွေမှာ ထိခိုက်ကျဆုံးမှု ရာချီရှိနေတယ်လို့ အမေရိကန် အကြီးတန်းအရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောပါတယ်။ ကမ္ဘာမှာ ပြင်ပနဲ့ ထိတွေ့မှုသိပ်မရှိဘဲ လျှို့ဝှက်သိုသိပ်တဲ့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်(၁၁၀၀၀) လောက်ကို ယူကရိန်းအရေးမှာ ရုရှားဘက်ကနေ ကူတိုက်ပေးဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ကာ့စ်ဒေသကို စေလွှတ်ခဲ့တာပါ။

ဒါဟာ ဒုတိယ ကမ္ဘာစစ် နောက် ပိုင်း ဥရောပတိုက်ရဲ့ အကြီးဆုံး စစ်ပွဲတစ်ခုမှာ မြောက်ကိုရီးယား စစ်သားတွေ ပါဝင်လာတာပါ။ ဒီတပ်တွေဟာ ရုရှားတပ်သား ထောင်ပေါင်းများစွာနဲ့အတူ ယူကရိန်း တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက် ထောက်လှမ်းရေးသတင်းတွေက ပြောပါတယ်။ ယူကရိန်းရဲ့ ပြောဆို ချက်အရ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့ ရုံးပိတ်ရက် တွေထဲမှာတင် အနည်းဆုံး မြောက်ကိုရီးယား စစ်သား(၃၀)လောက် ယူကရိန်းနယ်စပ်အနီးက ကာ့စ်ဒေသနဲ့ နီးကပ်တဲ့ ရွာတွေနားမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းတပ်ဖွဲ့ တစ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ရုရှားတွေဆီကနေ မတူညီတဲ့ စစ်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ မြောက်ကိုရီးယား စစ်သားတွေဟာ လွန်ခဲ့တဲ့ နှစ်(၇၀)ကျော်က စစ်ရေးနည်းနာတွေအတိုင်း ခြေလျင်တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တချို့စစ်ရေးအကဲခတ်တွေကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အကောင်းဆုံး အထူးတပ်ဖွဲ့တွေကိုသာ ယူကရိန်းကို စေလွှတ်ခဲ့တာဖြစ်တဲ့အတွက် မြောက်ကိုရီးယား စစ်သား တွေကို လျှော့မတွက်ဖို့ သတိပေးနေကြပါတယ်။