ဖိလစ်ပိုင်အမျိုးသမီး(၁၃)ယောက်ကို အငှားကိုယ်ဝန်ဆောင်ပြီး ကလေးတွေကို လူကုန်ကူးဖို့ ကြိုးပမ်းမှုအတွက် ကမ္ဘာဒီးယား အာဏာပိုင်တွေက ပြစ်မှုထင်ရှားကြောင်းစီရင်ပြီး ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။ အဲဒီ ဖိလစ်ပိုင် အမျိုးသမီးတွေကို ထောင်ဒဏ်(၄)နှစ်စီ ချမှတ်ခဲ့ရာမှာ (၂)နှစ်ကိုတော့ ဆိုင်းငံ့ထောင်ဒဏ် သတ်မှတ်ထားတယ်လို့ ကန်ဒါလ်ပြည်နယ် တရားရုံးက ပြောပါတယ်။
အဲဒီအမျိုးသမီးတွေဟာ ကလေးကို ကိုယ်ဝန်လွယ်ရယူပြီး ငွေကြေးအတွက် ကြားခံလူတစ်ယောက်ကိုရောင်းချဖို့ ကြံစည်ခဲ့တယ်ဆိုတာ အထောက်အထား တွေ့ရှိထားပြီး ဒါဟာ လူကုန်ကူးမှုမြောက်ကြောင်း တရားရုံးက ပြောပါ တယ်။ အဲဒီအမျိုးသမီးတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ(၂၃) ရက်က ဖနွမ်ပင်မြို့တော်အနီးက အိမ်ရာတစ်ခုကို စီးနင်း မှုအတွင်း ဖမ်းမိခဲ့တာပါ။

အဲဒီအမျိုးသမီးတွေဟာ လွယ်ထားတဲ့ ကိုယ်ဝန်တွေကို မမွေးခင်ထိ ထောင်ကျခံရဖို့မရှိပေမဲ့ ကလေးမွေးဖွားပြီးရင် ဘာဆက်လုပ်မလဲဆိုတာကိုတော့ ကမ္ဘောဒီးယားတရားရုံးက ရှင်းလင်းပြောဆိုတာမျိုး မရှိပါဘူး။ ကမ္ဘောဒီးယား နိုင်ငံမှာ အငှားကိုယ်ဝန်ဆောင်တာဟာ တရားမဝင်ကိစ္စရပ်ဖြစ်ပေမဲ့ ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတွေရှိနေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အငှားကိုယ်ဝန်ဆောင်တာကို တားမြစ်ပြီးနောက် ကမ္ဘောဒီးယားမှာ ဒီလုပ်ငန်းကြီးထွား လာတယ်လို့ ဆိုပါတယ်။
AFP သတင်းဌာနရဲ့တင်ပြချက်အရ တရုတ်နိုင်ငံက ဇနီးမောင်နှံတွေဟာ ကမ္ဘောဒီးယားအမျိုးသမီးကို ကလေးတစ် ယောက် အငှားကိုယ်ဝန်ဆောင်ပေးဖို့အတွက် အမေရိကန်ဒေါ်လာ (၄၀,၀၀၀)ကနေ ဒေါ်လာ(၁၀၀,၀၀၀)အထိ ဝန်ဆောင်ခပေးကြတယ်လို့ ဆိုပါတယ်။