သြစတြေးလျနိုင်ငံမှာရှိတဲ့ မဟာသန္တာကျောက်တန်း အတားအဆီးကြီးနဲ့ အနီးတစ်ဝိုက်က ဆယ်စုနှစ်အတွင်း ရေအပူချိန်ဟာ နှစ်ပေါင်း ၄၀၀ တစ်လျှောက် အပူဆုံးကို မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းကြီးဟာ ခြိမ်းခြောက်ခံနေရပြီလို့ သြဂုတ် ၈ ရက်က ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သြစတြေးလျနိုင်ငံတစ်ဝန်း တက္ကသိုလ်တွေက သိပ္ပံပညာရှင်တစ်စုဟာ သန္တာ ကျောက်တန်းတွေအတွင်းက အမာခံတွေကို တူးဖော်ပြီး နမူနာတွေကို ခွဲခြမ်းစိတ်ဖြာကာ နွေရာသီ သမုဒ္ဒရာ အပူချိန်ကို ၁၆၁၈ ခုနှစ်အထိ နောက်ပြန် တိုင်းတာနိုင်ခဲ့ပါတယ်။
သင်္ဘောနဲ့ ဂြိုဟ်တုအချက်အလက်တွေကို ပေါင်းစပ်ပြီး နှစ်ပေါင်းတစ်ရာကျော်အတွင်း လေ့လာချက်အရ သမုဒ္ဒရာအပူချိန်ဟာ နှစ်ရာချီ တည်ငြိမ်နေခဲ့ ပေမယ့် လူသားတွေရဲ့ လွှမ်းမိုးမှုကြောင့် ၁၉၀၀ ပြည့်နှစ်က စတင်ပြီး မြင့်တက်လာကြောင်း သုတေသနက ကောက်ချက်ချခဲ့ပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ နောက်ဆုံးရ အချက်အလက်တွေအရ စံချိန်တင် အမြင့်ဆုံးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒါကြောင့် သန္တာကျောက်တန်းမှာ အန္တရာယ်ကျရောက် နေပြီး အဲဒီအခြေအနေက ကမ္ဘာကြီးမှာ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ချက်ခြင်းလျှော့ချဖို့ တောင်းဆိုနေတယ်လို့ လည်း ပြောပါတယ်။