SpaceX အာကာသယာဉ်က အာကာသယာဉ်မှူးတစ်ယောက်ဟာ ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသထဲ လမ်း လျှောက်တာကို စက်တင်ဘာ ၁၂ ရက်က စတင်ခဲ့ပါတယ်။
Crew Dragon ယာဉ်မှူးခန်းက အာကာသယာဉ်မှူး လေးယောက်အနက် ၄၁ နှစ်ရွယ် ဘီလီယံနာ ဂျရက် အိုင်းဆက်မန်းဟာ ကမ္ဘာမြေက မိုင်ရာချီဝေးတဲ့ အာကာသ အတွင်းမှာ ယာဉ်ထဲကထွက်ပြီး လေဟာနယ်ထဲ စတင်လမ်းလျှောက်ခဲ့တာပါ။
သူပြန်လာပြီးနောက် မိနစ် အနည်း ငယ် အကြာမှာ SpaceX အင်ဂျင်နီယာ အသက် ၃၀ အရွယ် ဆာရာဂိလိစ်ရဲ့အာကာသအတွင်း လှည့်ပတ်သွားလာ ပုံကိုလည်း ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်က တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။
အာကာသထဲ လမ်းလျှောက်တာဟာ မိနစ် ၃၀ လောက်သာ ကြာမြင့်ဖို့ စီစဉ်ထားပေမယ့် ဒီအတွက် ပြင်ဆင်ဖို့နဲ့ ဘေးကင်းစွာပြီးဆုံးဖို့ လုပ်ထုံးလုပ်နည်းတွေက နှစ်နာရီလောက် ကြာခဲ့ပါတယ်။

အစီအစဉ်ဟာ ယာဉ်မှူးခန်းအတွက် အာကာသဝတ်စုံ၊ ဒီဇိုင်းအသစ်နဲ့ လုပ်ထုံး လုပ်နည်းအသစ်တွေ စမ်းသပ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
အိုင်းဆက်မန်းနဲ့ ဆာရာဂိလိစ်တို့ အာကာသထဲ လမ်းလျှောက်နေစဉ် Crew Dragon ယာဉ်မှူးခန်းထဲမှာ အသက် ၅၀ အရွယ် အငြိမ်းစား အမေရိကန်လေတပ် ဒုဗိုလ်မှူးကြီး စကောက်ပေါ့တက်နဲ့ SpaceX အင်ဂျင်နီယာ ၃၈ နှစ်အရွယ် အန်နာမီနွန်တို့ ရှိနေကြပါတယ်။
သူတို့လေးယောက် လိုက်ပါသွားတဲ့ SpaceX အာကာသယာဉ်ကို အင်္ဂါနေ့ အရုဏ်မတက်ခင်မှာ ဖလော်ရီဒါကနေ Polaris Dawn ပုဂ္ဂလိက အာကာသခရီးစဉ်အဖြစ် လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။