ကမ္ဘာ့အသက်အငယ်ဆုံး စစ်တုရင်ချန်ပီယံဖြစ်လာသူ ဂူကတ်ရှ် ဒိုမာရာဂျူးကို တနင်္လာနေ့က မိခင်အိန္ဒိယနိုင်ငံ၊ ချင်နိုင်း နိုင်ငံတကာလေဆိပ်မှာ ပြည်သူတွေက သူရဲကောင်းသဖွယ် ကြိုဆိုခဲ့ကြပါတယ်။ အသက်(၁၈)နှစ်သာ ရှိသေးတဲ့ ဂူကတ်ရှ်ဟာ ပြိုင်ဘက်ဖြစ်တဲ့ ကမ္ဘာ့စစ်တုရင်ချန်ပီယံ တရုတ်နိုင်ငံသား တင်းလီရန်ကို စင်ကာပူနိုင်ငံ မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့စစ်တုရင်ချန်ပီယံပြိုင်ပွဲမှာ (၁၄)ပွဲအထိ ယှဉ်ပြိုင်ကစားပြီး ရမှတ် (၇.၅)-(၆.၅)နဲ့ ပြိုင်ဘက် တင်းလီရန်ကို အနိုင်ယူခဲ့တာပါ။

နောက်ဆုံး(၁၄)ပွဲမြောက်မှာ ချန်ပီယံ တင်းလီ ရန်ဟာ အကွက်မှားရွှေ့ခဲ့ရာကနေ ဂူကတ်ရှ်ကို ရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ဂူကတ်ရှ်ဟာ ချင်နိုင်း လေဆိပ်မှာ အိန္ဒိယအလံနဲ့ခြုံပြီး ဆုတံဆိပ်ကို ကိုင်ဆောင်ကာ ကြိုဆိုသူ ပရိသတ် ရာပေါင်း များစွာကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ အခုလို အားပေးဝန်းရံကြတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ လာမဲ့ရက် တွေမှာ အတူတကွ အောင်ပွဲခံ အခမ်းအနား ကျင်းပဆင်နွှဲပြီး ကြီးကျယ်ခမ်းနားတဲ့ အချိန်ကောင်းတစ်ခုကို ရရှိနိုင် ဖို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

ဂူကတ်ရှ်ကို ပြည်သူတွေရဲ့ ကြိုဆိုမှုဟာ ရော့ခ်ဂီတငွေကြယ်ပွင့်တွေ ထင်ရှားတဲ့ ခရစ်ကတ်ကစားသားတွေကို ကြိုဆိုတဲ့ ပုံစံနဲ့ တူညီပြီး အလံတွေ၊ စာတန်းတွေ ကိုင်ဆောင်ပြီး လူထု ပရိသတ်က သူ့အမည်ကို အော်ဟစ်ကြွေးကြော်ကာ ကြိုဆိုအောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာ့ အသက်ငယ်ဆုံး ချန်ပီယံ ဂူကတ်ရှ်ဟာ ပရိသတ်တွေကို တွေ့ဆုံ နှုတ်ဆက်ပြီးနောက် စစ်တုရင်လောကရဲ့ ဘုရင်အသစ် ဆိုတဲ့ စာတန်းပါ ကားနဲ့ ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။