အမေရိကန်အောက်လွှတ်တော်က ရီပတ်ဘလီကန်တွေ ရေးဆွဲထားတဲ့ ဘတ်ဂျတ်မူကြမ်းမှာ အသုံးစရိတ် အများအပြား ဖြတ်တောက်လျှော့ဖို့ တောင်းဆိုထားတာကြောင့် Medicaid နဲ့ food stamps စနစ် ပျက်စီးမယ့် အရေး စိုးရိမ်မှုတွေ ရှိနေပါတယ်။ အဲဒီကျန်းမာရေးစောင့်ရှောက်မှုစနစ် Medicaid နဲ့ ရိက္ခာခွဲတမ်းစနစ် food stamps ဟာ ဝင်ငွေနည်း အမေရိကန်ပြည်သူတွေအတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ လူမှုဖူလှုံရေး အစီအစဉ်တွေ ပဲဖြစ်ပါတယ်။

အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ အောက်လွှတ်တော် ရီပတ်ဘလီကန်တွေရဲ့ ဆုံးဖြတ်ချက်ဟာ သမ္မတ ထရမ့်ရဲ့ နယ်စပ်နဲ့ အခွန်ရေးရာ ဦးစားပေးကိစ္စရပ်တွေ ပါဝင်တဲ့ ဥပဒေပြဋ္ဌာန်းမှုတွေကို အကောင်အထည်ဖော်ရေး ကနဦးခြေလှမ်းဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်က Medicaid စနစ်ကို ကိုင်တွယ် ကြီးကြပ်ရတဲ့ အောက်လွှတ်တော် စွမ်းအင်နဲ့ ကူးသန်းရောင်းဝယ်ရေး ကော်မီတီကို ဆယ်စုနှစ်တစ်စုအတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ (၈၈၀) ခြိုးခြံချွေတာဖို့ တာဝန်ပေးအပ်ထားပါတယ်။ ဒါ့အပြင် food stamps အစားအစာ ရိက္ခာခွဲတမ်းစနစ်ကိုလည်း ကြီးကြပ်ကိုင်တွယ်ရတဲ့ စိုက်ပျိုးရေး ကော်မီတီကို အနည်းဆုံး ဒေါ်လာ ဘီလီယံ (၂၃၀) ခြိုးခြံဖို့ သတ်မှတ်ပေး ထားတာပါ။

ရီပတ်ဘလီကန်တွေရဲ့ အဲဒီ ဆုံးဖြတ်ချက် ထွက်လာလာချင်းမှာပဲ ရီပတ်ဘလီကန်တွေဟာ ဘေးဒုက္ခကြုံရလွယ်တဲ့ ဝင်ငွေနည်းပြည်သူတွေအတွက် ချမှတ်ထားတဲ့ အစီအစဉ်တွေကို ဖျက်သိမ်းပြီးတော့ ချမ်းသာကြွယ်၀သူတွေအတွက် အခွန် ထရီလီယံများစွာ လျှော့ချပေးဖို့ ကြိုးစားနေတယ်လို့ ဝေဖန်တိုက်ခိုက် လိုက်ကြပါတယ်။ Medicaid ရန်ပုံငွေအပေါ် အဓိက အားထားရပ်တည်နေရတဲ့ ဆေးရုံကြီးနှစ်ခုကလည်း ဥပဒေပြုအမတ်တွေအနေနဲ့ အဲဒီလူမှုဖူလှုံရေးအစီအစဉ်တွေ ရုတ်တရက် ဖြတ်တောက်လျှော့ချမှုကို ပယ်ချဖို့ တောင်းဆိုထားကြပါတယ်။