အမေရိကန် ဖယ်ဒရယ် ဝန်ထမ်း အနည်းဆုံး (၄၀၀၀၀) လောက်ဟာ သမ္မတထရမ့်ရဲ့ လုပ်ငန်းခွင်မှ ထွက်ခွာရေး အစီအစဉ်ကို လက်ခံကြကြောင်း သမ္မတထရမ့်အစိုးရတာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။ အဲဒီလို အလုပ်ကနေ နုတ်ထွက်ဖို့ ကမ်းလှမ်းချက်ကို ဖယ်ဒရယ် အစိုးရ ဝန်ထမ်း ၂ သန်းနီးပါးဆီ ထရမ့်အစိုးရက အီးမေးလ်ကနေ တဆင့် ကမ်းလှမ်းစာ ပေးပို့ခဲ့တာပါ။

အဲဒီ အစီအစဉ်ကို လက်ခံရင် ဝန်ထမ်းတွေဟာ လိုလိုလားလားနဲ့ လုပ်ငန်းခွင်ကနေ ထွက်ခွာပေးရမှာဖြစ်ပါတယ်။ သူတို့ကို စက်တင်ဘာလအထိ လစာ ပေးထားမှာဖြစ်ပြီး အလုပ်ဆက်လုပ်ပေးဖို့တော့ မလိုအပ်တော့ပါဘူး။ အစီအစဉ်ကို လက်ခံတဲ့ ဝန်ထမ်းအရေအတွက်ဟာ တိုးလာနေတယ်လို့ ဝန်ထမ်းရေးရာ စီမံခန့်ခွဲရေး ရုံး (OPM)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အဲဒီကမ်းလှမ်းချက်ကို ကြာသပတေးနေ့ ည ၁၁ နာရီ ၅၉ မိနစ် နောက်ဆုံးထား စဉ်းစားဖို့လည်း ထရမ့်အစိုးရဘက်က အချိန်သတ်မှတ်ပေးထားပါတယ်။

ထရမ့်အစိုးရဟာ ဖယ်ဒရယ် အစိုးရအဖွဲ့အစည်းထဲမှာ ဝန်ထမ်းအင်အား လျှော့ချဖို့ စီစဉ်နေပြီး အဲဒီ လုပ်ငန်းခွင်မှ ထွက်ခွာရေး အစီအမံ ကို လက်မခံတဲ့ ဝန်ထမ်းတွေဟာ ကြာသပတေးနေ့ နောက်ပိုင်းမှာ အလုပ်ပြုတ်မယ့် အန္တရာယ် နဲ့ ရင်ဆိုင်နေရပါတယ်။ ဝန်ထမ်းတွေဘက်ကလည်း အဲဒီအစီအစဉ်ရဲ့ ဥပဒေပိုင်းဆိုင်ရာ တရားဝင်မှုကို မေးခွန်းထုတ်ထားပြီး ထရမ့်အစိုးရအနေနဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်မဲ့ အခြေအနေမရှိဘူးလို့ ပြောဆိုနေကြပါတယ်။