အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမားတို့ဟာ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေး နွေးခဲ့တယ်လို့ NBC သတင်းမှာ ရေးသားထားပါတယ်။ သမ္မတထရမ့်က ဥရောပနိုင်ငံတွေအပေါ် အခွန်တိုးကောက် ခံဖို့ ခြိမ်းခြောက်နေသလို ဥရောပလုံခြုံရေးအတွက် အမေရိကန်အပေါ် သိပ်အားမကိုးဖို့ ပြောဆိုနေချိန်မှာ အခုလို ခေါင်းဆောင်နှစ်ယောက် တွေ့ဆုံခဲ့ကြတာပါ။

တွေ့ဆုံစဉ်အတွင်း ရုရှား-ယူကရိန်းစစ်ပွဲ၊ အခွန်စည်းကြပ်မှုနဲ့ အခြားနိုင်ငံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောပါ တယ်။ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းရေးသဘောတူညီချက်ကို မျှမျှတတ မြန်မြန်ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါ တယ်။ ဒါ့အပြင် ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံမှုက လာမယ့် မတ်လ ၄ ရက်နေ့မှစတင်အသက်ဝင်မှာဖြစ်ကြောင်းလည်း ထရမ့်က ပြောကြား ပါတယ်။

တစ်ဖက်မှာလည်း ထရမ့်နဲ့ ယူကရိန်းသမ္မတတို့ ဆောင်ရွက်နေတဲ့ လုံခြုံရေးအာမခံချက်အတွက် ယူကရိန်းက မြေရှားသတ္တုတွေကို အမေရိကန်ပြည်ထောင်စုကို ပေးအပ်ရေးဆိုင်ရာ နောက်ဆုံးသဘောတူညီချက် တစ်ရပ်ကလည်း နီးကပ်နေပြီဖြစ်ကြောင်း ထရမ့်က အခိုင်အမာပြောဆိုခဲ့ပါတယ်။