အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှု စတင်ပြီဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားက ခြိမ်းခြောက်နေတဲ့ နျူးကလီးယားနဲ့ဒုံးကျည်အစီအစဉ်တွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ရဲ့ ထပ်တိုးအဟန့်အတား စွမ်းရည်တွေကိုပြဖို့ ဖြစ်တယ်လို့ တောင်ကိုရီးယားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ တာပါ။ နှစ်နိုင်ငံပူးပေါင်းပြီး B-1B ဗျူဟာမြောက် ဗုံးကြဲလေယာဉ် အနည်းဆုံးတစ်စင်း ပါဝင်လေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့ အစောပိုင်းတုန်းက မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာ တွေက AUKUS မိတ်ဖက် အဖွဲ့ လက်အောက်ကနေ ဩစတြေးလျနဲ့ ၂၀၂၁ ခုနှစ်မှာ လက်မှတ်ထိုးခဲ့တဲ့ နျူးကလီးယား ရေငုပ်သင်္ဘော သဘောတူညီချက်အပေါ် ဒါဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှု ဖြစ်တယ်လို့ အမေရိကန်ကို ဝေဖန်ခဲ့ ပါတယ်။ အမေရိကန်ဟာ မြောက်ကိုရီးယားကို ဒေသတွင်း ဩဇာတည်ဆောက်ရေးအတွက် အတားအဆီးတစ်ခု အဖြစ် ရှုမြင်နေတယ်လို့ မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းအေဂျင်စီ KCNA ကလည်း သုံးသပ်ထားပါတယ်။