ဗြိတိန်အခြေစိုက် ဇိမ်ခံကားထုတ်လုပ်သူ Jaguar Land Rover က အမေရိကန်မှာ ကားထုတ်လုပ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ဗြိတိန်အခြေစိုက် မီဒီယာတွေမှာ ဖော်ပြပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စည်းကြပ်ခွန်တိုးမြှင့်တဲ့ အစီအစဉ်ဟာ ကားထုတ်လုပ်သူတွေအပေါ် သက်ရောက်မှုရှိပေမယ့် အမေရိကန်မှာ ကားထုတ်လုပ်တဲ့ စက်ရုံဆောက်ဖို့တော့ အစီအစဉ် မရှိသေးဘူးလို့ Jaguar Land Rover ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့တာပါ။

ဒါပေမဲ့ အနာဂတ်မှာတော့ အမေရိကန်မှာ ကားထုတ်လုပ်ဖို့ ဖြစ်နိုင်ချေရှိ၊ မရှိ အတိအကျမပြောနိုင်ဘူးလို့ Jaguar ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။အမေရိကန်မှာ ကားထုတ်လုပ်ရေးစက်ရုံ လုံးဝမရှိတဲ့ Jaguar Land Rover ဟာ ထရမ့်ရဲ့ အကောက်ခွန် တိုးမြှင့်မယ့်အစီအစဉ် ကြေညာပြီးနောက် ပြီးခဲ့တဲ့ ဧပြီလက အမေရိကန်ကို ကားတင်ပို့မှု ရပ်ဆိုင်းခဲ့ရပြီး အခုလမှာမှ တင်ပို့မှု ပြန်စတင်ခဲ့တာပါ။မကြာသေးခင်က ရရှိခဲ့တဲ့ အမေရိကန်နဲ့ ဗြိတိန်ကြားက ကုန်သွယ်ရေးသဘောတူညီချက်ကြောင့် ဗြိတိန် မော်တော်ယာဉ်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ လျှော့ခဲ့တဲ့အတွက် ဗြိတိန်အခြေစိုက် ကားထုတ်လုပ်သူတွေ အသက်ရှူ ချောင်ခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ရဲ့ မခန့်မှန်းနိုင်တဲ့ ကုန်သွယ်ရေး မူဝါဒ အပြောင်းအလဲတွေဟာ ကမ္ဘာတစ်ဝန်းက စီးပွားရေးလုပ်ငန်းတွေကို ဆက်အကျိုးသက်ရောက်နေတဲ့အတွက် Jaguar Land Rover ဟာလည်း ကုမ္ပဏီရဲ့ အမြတ်အစွန်းခန့်မှန်းချက် ထုတ်ပြန်တာကို ဆိုင်းငံ့ထားပါတယ်။Jaguar Land Rover အပြင် ပြိုင်ဘက် ဇိမ်ခံကားထုတ်လုပ်သူတွေဖြစ်တဲ့ Mercedes-Benz နဲ့ Stellantis လို ကုမ္ပဏီတွေဟာလည်း ဝင်ငွေခန့်မှန်းချက်တွေ မထုတ်ပြန်ပါဘူး။မော်တော်ယာဥ်လုပ်ငန်းအပြင်ဘက်က နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ Adidas, Skechers, Intel နဲ့ Mattel တို့လို လူသုံးကုန်အမျိုးမျိုးနဲ့ နည်းပညာကုမ္ပဏီတွေကလည်း ဒီအခွန်ကောက်ခံမှုဟာ စီးပွားရေးအပေါ် ကျယ်ပြန့်တဲ့ သက်ရောက်မှု ရှိတယ်လို့ သတိပေးထားပါတယ်။