ကနေဒါရေတပ်ကင်းလှည့်သင်္ဘောတစ်စင်းဟာ ဇွန်လ ၁၄ ရက် မနက်အစောပိုင်းက ကျူးဘားနိုင်ငံကို ဆိုက်ရောက်ခဲ့ပါတယ်။ ကျူးဘားနယ်မြေထဲက အမေရိကန်ရဲ့ ဂွာတာနာမို ပင်လယ်အော် အခြေစိုက်စခန်းမှာ အမြန်တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စင်း ဆိုက်ကပ်ခဲ့ကြောင်း အမေရိကန်က ကြေညာခဲ့ပြီး နာရီပိုင်းအကြာမှာ ကနေဒါရေတပ်သင်္ဘော ရောက်ရှိသွားတာပါ။

ရုရှားစစ်သင်္ဘောအုပ်စုတစ်ခု ကျူးဘားကို ရောက်ရှိခဲ့တဲ့ တစ်ပတ် အတွင်း အမေရိကန်နဲ့ ကနေဒါစစ်သင်္ဘောတွေလည်း ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဖလော်ရီဒါပြည်နယ် ကီးဝက်စ် ကနေ မိုင် ၁၀၀ အကွာမှာ တည်ရှိတဲ့ ကာရေဘီယံကျွန်းနိုင်ငံဖြစ်တဲ့ ကျူးဘားမှာ ရုရှား၊ ကနေဒါနဲ့ အမေရိကန် စစ်သင်္ဘောတွေရဲ့ ဆုံစည်းမှုဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေနဲ့ ရုရှားတို့အကြား တင်းမာမှု တွေ ဆက်လက်မြင့်တက်နေချိန်မှာ ထွက်ပေါ်လာတာပါ။

ကနေဒါကင်းလှည့်သင်္ဘော မာဂရက် ဘရွတ်ကီဟာ ကနေဒါနဲ့ ကျူးဘားအကြား ကာလရှည်ကြာ နှစ်နိုင်ငံဆက်ဆံရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ ဟာဗားနား ဆိပ်ကမ်းကို အလည်အပတ်ဝင်ရောက်ခဲ့ပါတယ်။

ရုရှားစစ်သင်္ဘောတွေ လာရောက်တာဟာ ဒေသတွင်းကို ခြိမ်းခြောက်မှုမရှိဘူးလို့ အမေရိကန်နဲ့ ကျူးဘားတို့က ပြောဆိုထားပါတယ်။ မာဂရက် ဘရွတ်ကီ ရောက်ရှိတာက လည်း လုပ်ရိုးလုပ်စဉ်နဲ့ နှစ်နိုင်ငံကြား ကာလကြာရှည်ပူးပေါင်းဆောင်ရွက်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရုရှား စစ်သင်္ဘောတွေ ရောက်ရှိလာတာနဲ့ မဆိုင်ဘူးလို့ ကနေဒါသံတမန်တစ်ဦးက ပြောပါတယ်။