ကက်ရှ်မီးယားဒေသက ပစ်ခတ်မှုဖြစ်စဉ်ကြောင့် အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံတို့အကြား ဆက်ဆံရေး ဆိုးရွားလာ ခဲ့ပြီး အကျိုးဆက်အနေနဲ့ကတော့ နှစ်နိုင်ငံလုံးအတွက် စီးပွားရေးထိခိုက်မှုတွေ ရှိလာနေပြီဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဧပြီလ ၂၂ ရက်က ကက်ရှ်မီးယားဒေသမှာ သေနတ်သမားတွေရဲ့လက်ချက်နဲ့ လူ ၂၆ ယောက် သေဆုံးခဲ့ပြီးနောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန်အကြား ပဋိပက္ခဖြစ်လာပါတယ်။

ဒါဟာ အိန္ဒိယနဲ့ ပါကစ္စတန်အကြား ဆယ်စုနှစ် ၇ ခုကျော် ထိတွေ့တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိနေတဲ့ ဟိမဝန္တာ တောင်တန်းဒေသမှာ နောက်ထပ်တစ်ကြိမ် အာရုံစိုက်စရာဖြစ်လာတာပါ။ အိန္ဒိယဟာ သူ့ရဲ့နယ်နိမိတ် အငြင်းပွား ဖက်နိုင်ငံ ပါကစ္စတန်ကို နယ်စပ်ကျော်ပြီးအကြမ်းဖက်မှုကို အားပေး ထောက်ခံခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး ပါကစ္စတန်နဲ့ပတ်သက်ပြီး သံတမန်ရေးရာအစီအမံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ပါကစ္စတန်ဘက်ကလည်း စွပ်စွဲမှုတွေကို ငြင်းဆိုလိုက်ပြီး နယူးဒေလီနဲ့ကုန်သွယ်ရေးကို ရပ်ဆိုင်းလိုက်တဲ့အပြင် အိန္ဒိယလေကြောင်းလိုင်း နယ်နိမိတ်အသုံးပြုခွင့်ကိုပါ ပိတ်သိမ်းလိုက်ပါတယ်။

အဲဒီလို အပြန်အလှန်လုပ်ရပ်တွေက အကျိုးသက်ရောက်မှု ချက်ချင်းရှိလာမှာ မဟုတ်ပေမဲ့ ရေရှည်မှာ ထိခိုက်မှု တွေ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အိန္ဒိယအနေနဲ့ လေယာဉ်ချိန်တွေ ကြာမြင့်ကာ ခရီး စရိတ်တွေ ပိုမိုကြီးမြင့်လာမှာဖြစ်ပြီး ပါကစ္စတန်ကတော့ တခြားနိုင်ငံတွေကနေ ဆေးဝါးတွေ တင်းသွင်းနိုင်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ပါကစ္စတန်ရဲ့ လေပိုင်နက်အသုံးပြုခွင့်ပိတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် အိန္ဒိယကနေ အာရှအလယ်ပိုင်း၊ ဥရောပနဲ့မြောက်အမေရိကကို သွားမယ့် ခရီးစဉ်တွေဟာ ၂ နာရီ ပိုကြာမြင့်လာနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။