စက်တင်ဘာ (၁၁) ရက် တိုက်ခိုက်မှုကို ကြိုးကိုင်စီစဉ်ခဲ့သူ ခါလစ် ရှိတ်ခ်မိုဟာမက်၊ သူ့အမှုတွဲနှစ်ယောက်တို့နဲ့ အခုအပတ်အစပိုင်းက ရရှိထားခဲ့တဲ့ အယူခံသဘောတူညီချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဩစတင်က သောကြာနေ့မှာ ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အယူခံ သဘောတူညီချက်ရရှိထားပြီလို့ ပင်တဂွန်က ပြောခဲ့ပေမဲ့ သဘောတူညီချက်ပါ အသေးစိတ်အချက်တွေကို ရှင်းလင်းဖော်ပြခဲ့တာမရှိပါဘူး။
အဲဒီသဘောတူညီချက်မှာ သေဒဏ်ပြစ်ဒဏ်နဲ့ အလဲအလှယ်လုပ်ဖို့အတွက် အပြစ်ရှိကြောင်း အယူခံဝင်မဲ့ အချက်တွေ ပါဝင်တယ်လို့ အမေရိကန်အရာရှိတစ်ယောက်က ပြောပါတယ်။
ဒါပေမဲ့ သောကြာနေ့မှာ ပင်တဂွန်စစ်ဌာနချုပ်လက်အောက်က ဂွာတာနာမို စစ်တရားရုံးကို ကြီးကြပ်ရသူ ဆူဆန် အက်စ်ကာလီယာရဲ့ တရားခွင်မတိုင်ခင် ကြိုတင်သဘောညီချက် ပြုလုပ်ခွင့် အခွင့်အာဏာကို ဩစတင်ကရုပ်သိမ်းခဲ့ပြီး အမှုကို သူကိုယ်တိုင်တာဝန်ယူလိုက်ပါတယ်။

အဲဒီ အယူခံသဘောတူညီချက်ကို အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်နဲ့ ဆီးနိတ် လူအနည်းစု ခေါင်းဆောင် မစ်ချ်မက်ကော်နဲလ် အပါအဝင် ရီပတ်ဘလီကန်အမတ် အများအပြားက ဝေဖန်နေကြပါတယ်။
မိုဟာမက်ဟာ ခရီးသည်လေယာဉ်တွေသုံးပြီး နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာနဲ့ ပင်တဂွန်စစ်ဌာနချုပ်ကို ဝင်တိုက်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို ကြိုးကိုင်စီစဉ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူပါ။
၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူပေါင်း (၃၀၀၀) သေဆုံးခဲ့ပြီး အမေရိကန်ပြည်ထောင်စုကိုလည်း ဆယ်စုနှစ် နှစ်စုကြာမြင့်တဲ့ အာဖဂန်စစ်ပွဲနွံထဲ နစ်မွန်းစေခဲ့ပါတယ်။