တရုတ်ရာဇဝတ်လုပ်ငန်းတွေနဲ့ ဆက်စပ်မှု၊ အမေရိကန်ဒေါ်လာ (၁ ဒသမ ၈) သန်းကျော် ငွေကြေးခဝါချမှုတွေနဲ့ စွပ်စွဲခံထားရတဲ့ ၀ရမ်းပြေး ဖိလစ်ပိုင် မြို့တော်ဝန်ဟောင်းကို အင်ဒိုနီးရှားအာဏာပိုင်တွေ ဖမ်းမိပြီးနောက် ဖိလစ်ပိုင်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
အဲဒီမြို့တော်ဝန်ဟောင်း အဲလစ်ဂိုဟာ မနီလာ လေဆိပ်ကို သောကြာနေ့က ရောက်ရှိလာချိန် သတင်းစာရှင်းလင်းရာမှာ သူဟာ အသက်ဘေး ခြိမ်းခြောက်ခံခဲ့ရပြီး အာဏာပိုင်တွေဆီမှာ အကူအညီတောင်းခဲ့တယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင် ပြည်ထဲရေးနဲ့ ဒေသန္တရ အစိုးရ အဖွဲ့များရေးရာဝန်ကြီး ဘင်ဂျမင် အဘာလို့စ်က တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေက သူ့ကိုအကာအကွယ်ပေးတဲ့နေရာမှာ အကူအညီဖြစ်အောင် ခြိမ်းခြောက်သူတွေရဲ့ အမည်ကိုထုတ်ပြောဖို့ အဲလစ်ဂိုကို တိုက်တွန်းထားပါတယ်။

တရုတ်လို ဂိုဟွာပင်းလို့လည်း ခေါ်တဲ့ အဲလစ်ဂိုဟာ ရာဇဝတ်မှုမကင်းတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စအတွက် ကွန်ဂရက် စုံစမ်းစစ်ဆေးရေး ကော်မီတီရှေ့မှောက် လာရောက်ထွက်ဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့် ဖိလစ်ပိုင် အထက်လွှတ်တော်ဆီးနိတ်က သူ့ကို အလိုရှိနေတာပါ။
ဒီအတွက် တာလတ်ပြည်နယ်က ဘမ်ဘန်းမြို့တော်ဝန်အဖြစ်ကနေ ဖယ်ရှားခံရပါတယ်။
အဲဒီနောက် အဲလစ်ဂိုဟာ ဇူလိုင်လထဲမှာ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေကို သွားရောက်ခဲ့ကာ အဲဒီကနေတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။
ဖိလစ်ပိုင်ကို ပြန်ပို့ခံရလို့ ရောက်ရှိလာတဲ့ သူ့ကို တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေလက်ထဲအပ်နှံမှာဖြစ်ပြီး အဲဒီနောက် ဆီးနိတ်မှာ မေးမြန်းစစ်ဆေးခံဖို့ ပို့ဆောင်မှာဖြစ်တယ်လို့ ဖိလစ်ပိုင် အမျိုးသား စုံစမ်းစစ်ဆေး ရေးဗျူရို အကြီးအကဲ ဂျိမ်းစ် ဆန်တီယာဂိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။