ဖိလစ်ပိုင်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတဲ့ တရုတ်အွန်လိုင်းလောင်းကစားဂိမ်းလုပ်ငန်းတွေကို တားမြစ် ပိတ်ပင်ကြောင်း ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက တနင်္လာနေ့က အမိန့်ထုတ်လိုက်ပါတယ်။

တရုတ် နိုင်ငံသားတွေ အများစု ထိန်းချုပ်ထားတဲ့ အဲဒီအွန်လိုင်းလောင်ကစားဂိမ်းလုပ်ငန်းတွေဟာ ငွေကြေးလိမ်လည်မှု၊ လူမှောင်ခိုကူးမှု ၊ ညှဉ်းပန်းနှိပ်စက်မှု ၊ ပြန်ပေးဆွဲမှုနဲ့ လူသတ်မှုတွေ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုပြီး တားမြစ်ပိတ်ပင်ကြောင်း နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားရာမှာ အခုလို အမိန့်ထုတ်ပြန်ုလိုက်တာပါ။

တရုတ်အစိုးရက အွန်လိုင်းလောင်းကစားဂိမ်းတွေကို နှိမ်နင်းဖြိုခွင်းတာတွေ ဆက်လုပ်နေရာမှာ ဖိလစ်ပိုင်း သမ္မတ မားကို့စ်ကလည်း အခုလို တားမြစ်ချက်မျိုး ချမှတ်ဖို့ ဆုံးဖြတ်လာတာပါ။ ဖိလစ်ပိုင်း နိုင်ငံတစ်လွှားမှာ အဲဒီလို လုပ်ငန်းပေါင်း (၄၀၀)ကျော် ရှိနေမယ်လို့ ခန့်မှန်းရပြီး တရုတ်နိုင်ငံသားတွေနဲ့ အရှေ့တောင် အာရှနိုင်ငံတွေက လူထောင်ပေါင်းများစွာကို အလုပ်ခန့် စေခိုင်းနေတာပါ။
ဖိလစ်ပိုင်အာဏာပိုင်တွေက တရုတ်၊ ဗီယက်နမ်နဲ့ တခြား အရှေ့တောင်အာရှနိုင်ငံတွေက နိုင်ငံသားတွေ တရားမဝင်စုဆောင်းခံရပြီး အတင်းအကျပ် အလုပ်စေခိုင်း ခံနေရ တယ်လို့ သံသယရှိတဲ့ အိမ်ရာတွေနဲ့ အဆောက်အဦ ဒါဇင်ပေါင်းများစွာကို စီးနင်းရှာဖွေ ပိတ်သိမ်းတာတွေ လုပ်ခဲ့ ပါတယ်။
မနီလာမြို့တော်မြောက်ပိုင်းက တာလက် ပြည်နယ်ထဲမှာရှိတဲ့ မြို့တစ်မြို့ရဲ့ အမျိုးသမီး မြို့တော်ဝန် တစ်ယောက်ကိုလည်း မြို့တော်ခန်းမအနီးမှာ တည်ရှိတဲ့ ကြီးမားတဲ့ အွန်လိုင်းလောင်းကစားဂိမ်းလုပ်ငန်းနဲ့ ဆက်စပ်မှု ၊ အစိုးရတာဝန်တွေ ထမ်းနိုင်ဖို့အတွက် တရုတ်လူမျိုးဖြစ်မှုကို လိမ်ညာဖုံးကွယ်ထားမှု သံသယတို့နဲ့ ဖမ်းဆီးဖို့ ဖိလစ်ပိုင် အထက်လွှတ်တော် ဆီးနိတ်အမတ်တွေက ညွှန်ကြားထားပါတယ်။