အစ္စရေးစစ်တပ် က ဘာသာရေးအစွန်းရောက် အော်သိုးဒေ့ါစ်ဂျူးလူမှုအသိုက်အဝန်းထဲက လူ (၁၀၀၀) လောက်ကို စစ်မှုထမ်းဖို့ တနင်္ဂနွေနေ့ကဆင့်ခေါ်လိုက်ပါတယ်။

ဒါဟာ အစ္စရေးတပ်တွင်း စည်းလုံးညီညွတ်ရေးကို မြှင့်တင်ဖို့အတွက် ဆောင်ရွက်ချက်တစ်ခုဖြစ်ပေမဲ့ ဘာသာရေး ကိုင်းရှိုင်းတဲ့ သူတွေ နဲ့ လောကီသီးသန့်ဝါဒီတွေကြားမှာ တင်းမာမှုတွေကို ပိုဆိုးရွားစေနိုင်ဖွယ် ရှိနေပါတယ်။

အစ္စရေး တရားရုံးချုပ်က ပြီးခဲ့တဲ့ လက ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဂျူးဘာသာရေး ကျမ်းစာသင်တန်းသားတွေကို စစ်မှုကင်းလွတ်ခွင့် ပေးခွင့်မရှိတော့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီစစ်မှုကင်းလွတ်ခွင့် အစီအမံကို အဲဒီ ဘာသာရေးအစွန်းရောက် အော်သိုးဒေ့ါစ် ဂျူးအရေအတွက် အရမ်းနည်းနေသေးချိန်ဖြစ်တဲ့ ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံ ထူထောင်ချိန်တုန်းက ချမှတ်ခဲ့တာပါ။

အခုအဲဒီ အစီအမံကို ပြင်ဆင်ပြောင်းလဲမှုလုပ်လိုက်တဲ့ အပေါ် ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ထဲက ဘာသာရေး အားပေးတဲ့ ပါတီ နှစ်ခုက ကန့်ကွက်နေပါတယ်။

ရဗ္ဗိ ဂျူးဘာသာရေး ဆရာတစ်ချို့ကဆိုရင် စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်တဲ့ စာကို မီးရှို့ပစ်ဖို့ သူတို့ရဲ့ လူမှုရပ်ဝန်းမှာ ညွှန်ကြားထားပါတယ်။
အော်သိုးဒေါ့စ်ဂျူးအားလုံးက စစ်မှုထမ်းဖို့ ငြင်းဆန်နေတာမဟုတ်တဲ့အတွက် အစ္စရေး စစ်တပ်ဟာ တပ်ထဲမှာ အော်သိုးဒေါ့စ်ဂျူးတွေအတွက် ယူနစ်အများအပြား ဖွဲ့စည်းထားရှိတယ်လို့ ဆိုပါတယ်။