ဂါဇာအပစ်ရပ်သဘောတူညီချက်ရရင် အစ္စရေးအပေါ် အီရန်ရဲ့ လက်စားချေတိုက်ခိုက်မှုကို ရှောင်လွှဲနိုင်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အင်္ဂါနေ့က ပြောပါတယ်။

နယူးအော်လင်းပြည်နယ်ကို ရောက်ရှိနေချိန် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဘိုင်ဒန်က အခုလို ပြောဆိုသွားခဲ့တာပါ။ အခုအပတ်အတွင်း ကျင်းပဖွယ်ရှိတဲ့ ဆွေးနွေးပွဲကနေ အပစ်ရပ်စဲရေး သဘောတူမှု ပေါ်ပေါက်လာမှသာ အစ္စရေးအပေါ် အီရန်ရဲ့ တိုက်ရိုက် လက်စားချေတိုက်ခိုက်မှုကို တားဆီးနိုင်မှာဖြစ်တယ်လို့ ဟားမာ့စ် အကြီးတန်းအရာရှိတွေကို ကိုးကား ပြီး ရိုက်တာသတင်းဌာနက သတင်းရေးသား တင်ဆက်ပြီးနောက်မှာ ဘိုင်ဒန်ရဲ့ အခုလို မှတ်ချက် ထွက်ပေါ် လာတာပါ။

အီရန်ဟာ တီဟီရန်မြို့တော်မှာ ဟားမာ့စ်ခေါင်းဆောင် ဟာနီယတ် လုပ်ကြံသတ်ဖြတ်ခံရမှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ကြုံးဝါးထားပါတယ်။
အီရန်ထိပ်တန်းလုံခြုံရေးအရာရှိတစ်ယောက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြရာမှာလည်း ဂါဇာအပစ်ရပ်ဆွေးနွေးမှု ပျက်ပြားသွားရင် ဒါမှမဟုတ် အစ္စရေးက စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို အချိန်ဆွဲနေတာမျိုးလုပ်နေရင် အီရန်ဟာ ဟစ်ဇ်ဘိုလာ လို မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အစ္စရေးကို တိုက်ရိုက် တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်သွားဖွယ်ရှိထယ်လို့ ဆိုပါတယ်။