အီရန်ဟာ အောက်တိုဘာ ၁ ရက်ညက ပဲ့ထိန်းဒုံးကျည်အစင်းရေ ၁၈၀ လောက် ပစ်ခတ်ခဲ့ရာ အများစုကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဒုံးကျည်အချို့ ထိမှန်တဲ့နေရာတွေထဲမှာ အစ္စရေးနိုင်ငံ အလယ်ပိုင်းကကျောင်းတစ်ကျောင်းနဲ့ တဲလ်အဗစ်က စားသောက်ဆိုင်တစ်ဆိုင် ပါဝင်ခဲ့ပြီး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်း အမျိုးသားတစ်ယောက် သေဆုံးခဲ့တယ်လို့ အစ္စရေးက ထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အီရန်ဟာ အမှားကြီးတစ်ခုကို ကျူးလွန်လိုက်ပြီး ဒီအတွက်ပေးဆပ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
အီရန်တိုက်ခိုက်မှု မအောင်မြင်ဘူးလို့လည်း ပြောပါတယ်။

အစ္စရေးစစ်တပ်က အီရန်နောက်ခံပြု ဟစ်ဇ်ဘိုလာကို တိုက်ခိုက်ဖို့ အကန့်အသတ်နဲ့ ဒေသအလိုက် ပစ်မှတ်ထားတဲ့ မြေပြင်စစ်ဆင်ရေး စတင်ပြီးနောက် အီရန်က အစ္စရေးကို ဒုံးကျည်အများအပြားနဲ့ ပစ်ခတ်ခဲ့တာပါ။
တီဟီရန် ကို အစ္စရေးက ထပ်မံတိုက်ခိုက်လာရင် အစ္စရေးရဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားမယ်လို့ အီရန် စစ်တပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုဟာမက် ဘက်ဟီရီက ခြိမ်းခြောက်ခဲ့ပါတယ်။
အစ္စရေးက လက်တုံ့ပြန်ခဲ့မယ်ဆိုရင် စစ်ဆင်ရေးဟာ အဆပေါင်းများစွာ ပိုပြင်းထန်မယ်လို့ နိုင်ငံပိုင်ရုပ်သံကနေ ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ဖို့ ကုလသမဂ္ဂနဲ့ အီးယူတို့က ထပ်မံတောင်းဆိုထားပြီး အောက်တိုဘာ ၂ ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်မှာ ဖြစ်ပါတယ်။