အစ္စလာမ္မစ်နိုင်ငံတော် (IS) အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တယ်ဆိုတဲ့ သံသယနဲ့ လူ(၈)ယောက်ကို စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှား တော်ဝင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
စနေနေ့နဲ့ တနင်္ဂနွေနေ့ ပိတ်ရက်အတွင်း နိုင်ငံတွင်း ပြည်နယ်လေးခုမှာ စီးနင်းရှားဖွေမှုတွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း ပြုလုပ်ခဲ့ရာ အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ တက္ကသိုလ် ကထိက တစ်ယောက်လည်း ပါဝင်နေတယ် ဆိုပါတယ်။
အသက် (၂၅)နှစ်နဲ့ အသက်(၇၀)နှစ် အရွယ်အပိုင်းအခြားထဲကဖြစ်တဲ့ အမျိုးသား(၆)ယောက်နဲ့ အမျိုးသမီး(၂)ယောက်ကို ကီလန်တန် ၊ ဂျိုဟိုး ၊ ပီနန် နဲ့ ဆလန်ဂေါ် ပြည်နယ်တွေမှာ ဖမ်းဆီးရမိခဲ့တာလို့ မလေးရှား ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူရှင် အစ္စမေးလ်က တနင်္လာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကနဦး စုံစမ်းစစ်ဆေးချက်အရ ဖမ်းမိထားသူတွေဟ မလေးရှား ဘုရင်မင်းမြတ် ၊ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ၊ နာမည်ကြီး ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ ရဲအရာရှိကြီးတွေကို ရန်ပြု ခြိမ်းခြောက်ဖွယ်ရှိသူဖြစ်နေတာကို စစ်ဆေးဖော်ထုတ်တွေ့ရှိထားပါတယ်။
မလေးရှားအစိုးရဟာ နိုင်ငံတွင်းမှာ အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှုကို အားပေးလှုံ့ဆော်သူ၊ ထောက်ခံအားပေးသူနဲ့ စာနာ ထောက်ထားသူ ဘယ်သူကိုမဆို သက်ညှာထောက်ထားမှာ မဟုတ်ဘူးလို့လည်း မလေးရှား ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင်က သတင်းစာရှင်းလင်းပွဲမှာ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။