အိန္ဒိယမြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်က ဟိန္ဒူဘာသာရေးပွဲတစ်ခုမှာ ဘုရားဝတ်ပြုသူ ၁၂၁ ယောက် သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး လူခြောက်ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဇူလိုင် ၄ ရက်မှာ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ ပါတယ်။

ဟက်သရာခရိုင်၊ ဖူလ်ရိုင်မူဂါဂါရီရွာမှာ ဇူလိုင် ၂ ရက်က တရားဟောဆရာ ဘာဘာ(ခေါ်) ဆူရာ့ဂျ် ပါလ်ဆင်းရဲ့ ဟောပြောချက်ကို နားထောင်ဖို့ လူပေါင်း ၂၅၀,၀၀၀ လောက် စုဝေးရောက်ရှိချိန်မှာ လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ပြီး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာပါ။

ပွဲစီစဉ်သူတွေကို လူ ၈၀၀၀၀ သာ စုဝေးပွဲလုပ်ဖို့ ခွင့်ပြုချက် ပေးထားတယ်လို့ ကနဦး ရဲအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘာဘာရဲ့လက်ထောက်တွေဖြစ်ပြီး ပွဲစီစဉ်ရာမှာ ပါဝင်တဲ့ အမျိုးသားလေးယောက်နဲ့ အမျိုးသမီးနှစ်ယောက်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ဟာ လူအုပ်ပြိုမှု ဖြစ်ပွား ချိန်မှာ ထွက်ပြေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အမှုအတွက် စာရင်းသွင်းထားတဲ့ တာဝန်ရှိသူနေရာမှာ ဘာဘာ့နာမည် မပါဝင်ဘူးလို့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ ဘာဘာက လူအုပ်ပြိုကျမှုကို လူမှုရေး ဆန့်ကျင်သူတွေကြောင့်လို့ အပြစ်တင်ခဲ့ပေမယ့် အသေးစိတ် မဖော်ပြခဲ့ပါဘူး။ ဘာဘာ့ရဲ့ ရှေ့နေက ဖမ်းဆီးခံရသူ ခြောက်ယောက်ကို ကိုယ်စားပြုမယ်လို့ ပြောဆိုခဲ့ပါတယ်။