ပါကစ္စတန် စစ်လေယာဉ်တွေက အာဖဂန် အရှေ့ပိုင်းက ပတ်တစ်ကာ ပြည်နယ်ကို အင်္ဂါနေ့က ဗုံးကြဲတိုက်ခိုက် ခဲ့ရာမှာ အနည်းဆုံး လူ(၄၆)ယောက် သေဆုံးပြီး သေဆုံးသူအများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ် လို့ အာဖဂန်တာလီဘန်တွေက ပြောပါတယ်။ အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုကို လက်တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ လည်း တာလီဘန်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။

အာဖဂန်နစ္စတန်ထဲက နေရာ(၄)ခုကို ဗုံးကြဲခဲ့ရာမှာ လူ(၆)ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း အာဖဂန်တာလီဘန်တွေရဲ့ ဒုတိယပြောခွင့်ရပုဂ္ဂိုလ် ဟမ်ဒူလာ ဖစ်ရတ် က ပြောပါတယ်။ ပါကစ္စတန်အစိုးရနဲ့ စစ်ဘက်တာဝန်ရှိသူတွေက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့ ဆက်သွယ်မေးမြန်းမှုတွေကို လတ်တလောမှာ တုံ့ပြန်မှတ်ချက်ပေးတာမျိုး မလုပ်ပါဘူး။ အာဖဂန်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ကဘူးလ် အခြေစိုက် ပါကစ္စတန်သံရုံးကို ဆင့်ခေါ်ထားပြီး ဗုံးကြဲတိုက်ခိုက်မှုကို ကန့်ကွက် ကြောင်း တရားဝင်စာ ပေးထားပြီးတော့ နောက်ဆက်တွဲ အရေးယူမှုတွေ လုပ်မယ်လို့ သတိပေးလိုက်ပါတယ်။

ပါကစ္စတန်အရာရှိတစ်ယောက်ကတော့ ပါကစ္စတန်ဟာ ပါကစ္စတန် တာဘီလန်(TTP) အစ္စလာမ္မစ် အုပ်စုတွေရဲ့ စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း ရိုက်တာ သတင်းကို ပြောပါတယ်။ (TTP)ဟာ အာဖဂန် တာလီဘန်အဖွဲ့ကို သစ္စာခံထားတဲ့ အုပ်စုဖြစ်ပေမဲ့ အာဖဂန်နိုင်ငံကို စိုးမိုးနေတဲ့ အာဖဂန်တာလီဘန်အဖွဲ့ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိနေတာ မဟုတ်ပါဘူး။ (TTP)ဟာ အာဖဂန်မှာလိုပဲ ပါကစ္စတန်မှာလည်း အစ္စလာမ္မစ် ဥပဒေကို အခြေပြုတဲ့ အုပ်ချုပ်မှု ဖော်ဆောင်ဖို့ ရည်မှန်းချက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။