ပြီးခဲ့တဲ့ သီတင်းပတ်က အလက်ပိုမြို့ကို သိမ်းပိုက်ခဲ့တဲ့ သူပုန်တွေကို အာဆတ်အစိုးရက တိုက်ခိုက်ရာမှာ ကူညီဖို့ အတွက် အီရန်နောက်ခံပြု အီရတ်ပြည်သူ့စစ်တွေ ဆီးရီးယားနိုင်ငံထဲကို ညလုံးပေါက်ဖြတ်ကျော်ဝင်ရောက်ခဲ့တယ် လို့သိရပါတယ်။ တနင်္လာနေ့မှာ ဆီးရီးယားနဲ့ အီရတ်သတင်းရင်းမြစ်တွေက ပြောဆိုခဲ့တာဖြစ်ပြီး တိုက်ခိုက်ရေး သမား ၃၀၀ ထက်မနည်း တနင်္ဂနွေနေ့ညက ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
ဆီးရီးယားအနောက်မြောက်ပိုင်းက သူပုန်ထိန်းချုပ်နေရာတွေကို ဆီးရီးယားနဲ့ ရုရှားစစ်လေယာဉ်တွေက တနင်္လာ နေ့မှာ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။ အိုးအိမ်မဲ့ ဒုက္ခသည်စခန်းတစ်ခု ထိမှန်ပြီး လူခုနစ်ယောက် သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ လျှပ်တစ် ပြက်တိုက်ခိုက်နေတဲ့ သူပုန်တွေထဲမှာ အရင်က အယ်ခိုင်ဒါးဆက်နွှယ်တဲ့ HTS အဖွဲ့က ခေါင်းဆောင်ပြီး တူကီယဲ နောက်ခံပြုအုပ်စုတွေလည်း ပါဝင်ပါတယ်။
ဆီးရီးယား အနောက်မြောက်ပိုင်းမှာ နိုဝင်ဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ကလေးငယ် ၁၂ ယောက်နဲ့ အမျိုးသမီး ၇ ယောက် အပါအဝင် အရပ်သား ၄၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံးက ပြောပါတယ်။ လူပေါင်း ၄၈,၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ ထပ်ဖြစ်ခဲ့တယ်လို့ လည်း သိရပါတယ်။
သူပုန်တွေဟာ ဆီးရီးယားအစိုးရကို နိုင်ငံရေးအသွင်ကူးပြောင်းမှု လက်ခံအောင် တွန်းအားပေးဖို့ ကြိုးပမ်းနေတာ လို့ တူကီယဲရောက် ဆီးရီးယားအတိုက်အခံခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။ အီရန်အပေါ် မှီခိုအားထား မှုကို လျှော့ချမယ်ဆိုရင် အာဆတ်အပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ယူအေအီးနဲ့ အမေရိကန်တို့ ဆွေးနွေးနေပြီလို့ လည်း သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။