အမေရိကန်နိုင်ငံ၊ အာကင်ဆောပြည်နယ်တွင်းက ကုန်စုံဆိုင်တစ်ခုမှာ ဇွန် ၂၁ ရက်က သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ရဲအရာရှိ နှစ်ဦးအပါအဝင် အခြားလူ ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုမှာ သံသယရှိသူကိုလည်း ဒဏ်ရာနဲ့အတူ ဖမ်းမိထားတယ်လို့ အာကန်ဆောပြည်နယ် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး မိုက်ဟာဂါက သတင်းထောက်တွေကို ပြောပါတယ်။

လစ်တဲရော့ခ်ရဲ့တောင်ဘက် မိုင် ၇၀ အကွာက လူပေါင်း ၃၂၀၀ နေထိုင်တဲ့မြို့ငယ်လေး ဖိုဒီစီက မက်ဒ်ဘတ်ဂျာ ကုန်စုံဆိုင်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ ဒဏ်ရာရရှိသူတွေကတော့ အသက်အန္တရာယ်စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရာမှာ မျက်မြင်သက်သေ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားရတဲ့ အခြေအနေကို အာဏာပိုင်တွေက ရှင်းပြတာတော့ မရှိသေးပါဘူး။

အမေရိကန်မှာ ၂၀၂၄ ခုနှစ်အတွင်း အခုထိ အစုလိုက်အပြုံလိုက်ပစ်ခတ်မှု ၂၃၄ ကြိမ် ဖြစ်ခဲ့တယ်လို့ CNN က ဖော်ပြခဲ့ပါတယ်။ အမေရိကန်ရဲ့သေနတ်ပစ်မှုမှတ်တမ်းက သေနတ်သမားမပါ လူလေးဦးနဲ့အထက် ပစ်ခတ်ခံရတဲ့ သေနတ်ပစ်မှုကို လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှုလို့ သတ်မှတ်ထားပါတယ်။