ပါပူအာနယူးဂီနီနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်မင်းကြီး ဖရန်စစ်က နိုင်ငံတွင်းက အလုပ်သမားတွေကို မျှမျှတတ ဆက်ဆံဖို့ တိုက်တွန်းနှိုးဆော်မှု တစ်ရပ် စနေနေ့က ပြုလုပ်သွားခဲ့ပါတယ်။

ပစိဖိတ်အနောက်တောင်ပိုင်း ဒေသမှာ တည်ရှိတဲ့ ပါပူအာနယူးဂီနီနိုင်ငံဟာ ရွှေတွင်း ၊ သဘာ၀ဓာတ်ငွေ့ နဲ့ တခြား သဘာ၀ရင်းမြစ်တွေကြောင့် နိုင်ငံတကာ လုပ်ငန်းကြီးတွေ လာရောက် အခြေစိုက်ရာ အဓိက နေရာတစ်ခုဖြစ်လာနေပါတယ်။

ပုပ်ဖရန်စစ်ဟာ APEC ခန်းမကို ရောက်ရှိလာခဲ့ရာမှာ ပါပူအာနယူးဂီနီ ရိုးရာ အကတွေနဲ့ ပရိတ်သတ်တွေက ကြိုဆိုခဲ့ကြပါတယ်။ ပုပ်ဖရန်စစ် ဟာ အင်ဒိုနီးရှားနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်သွားရောက်ပြီးနောက် ပါပူအာ နယူးဂီနီကို သောကြာနေ့ ညနေခင်းမှာ ရောက်ရှိလာခဲ့တာပါ။

ပုပ်ဟာ လာမဲ့တနင်္လာနေ့အထိ ပါပူအာနယူးဂီနီမှာ ရှိနေမှာဖြစ်ပြီး အဲဒီနောက် အရှေ့တီမော နဲ့ စင်္ကာပူနိုင်ငံတို့ကို ခရီးဆက်မှာဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်နေ့မှာ သီတင်းသုံးနေထိုင်ရာ ဗာတီကန်ကို ပြန်လည် ကြွချီမှာဖြစ်ပါတယ်။