အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အရှေ့အလယ်ပိုင်းမှာ ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘော တစ်စင်း ဖြန့်ကြက်ထားဖို့ အမိန့်ပေးထားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဩဂုတ် ၁၁ ရက်မှာ ပြောပါတယ်။
အီရန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဟားမာ့စ်နဲ့ ဟစ်ဇ်ဘိုလာ အကြီးတန်းခေါင်းဆောင်တွေ သတ်ဖြတ်ခံရပြီးနောက် သူတို့ဆီက ဒေသတွင်း လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ဖြစ်နိုင်ခြေ မြင့်တက်နေချိန်မှာ ပင်တဂွန်ရဲ့ထုတ်ပြန်ချက် ပေါ်ထွက်လာတာပါ။
နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်စ်အက်စ်-ဂျော်ဂျီယာဟာ ဇူလိုင်လထဲက မြေထဲပင်လယ်မှာ ရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့ လူမှုမီဒီယာပေါ်မှာ အမေရိကန်စစ်တပ်ရဲ့ရေငုပ်သင်္ဘော တပ်ဖြန့်ချထားတာကို လူသိရှင်ကြား ကြေညာတာက ရှားရှားပါးပါး လှုပ်ရှားမှု တစ်ခုပါ။

အစ္စရေးကာကွယ်ရေးဝန်ကြီးနဲ့ အော်စတင်တို့ စကားပြောပြီးနောက် လေယာဉ်တင်သင်္ဘော အေဘရာဟင်လင်ကွန်း တိုက်ခိုက်ရေးအုပ်စုကို ဒေသတွင်းတပ်ဖြန့်မှု အရှိန်မြှင့်ဖို့ အမိန့်ထွက်လာခဲ့တယ်လို့လည်း ပင်တဂွန်က ပြောပါတယ်။
အစ္စရေးက ဘေရွတ်မြို့ကို တိုက်ခိုက်ရာမှာ အီရန်နောက်ခံပြု လက်ဘနွန် ဟစ်ဇ်ဘိုလာရဲ့ အကြီးတန်းစစ်ခေါင်းဆောင် ဖူအက် ရှုကာ လုပ်ကြံသတ်ဖြတ်ခံရမှုက ဂါဇာကမ်းမြောင်ပဋိပက္ခကို ပိုမိုကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲ အဖြစ် ပြောင်းလဲသွားမှာကို စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။
တီဟီရန်မှာ ဟားမာ့စ်ခေါင်းဆောင် ဟာနီယက်ကို အစ္စရေးက လုပ်ကြံခဲ့ပြီး အစ္စရေးကို ထောက်ခံတဲ့ အမေရိကန်မှာလည်း တာဝန်ရှိတယ်လို့ အီရန်က ပြောဆိုထား ပါတယ်။