အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောအုပ်စု တစ်စု ၊ တိုက်လေယာဉ် အုပ်စုတစ်ခုနဲ့ တိုက်သင်္ဘောတွေကို သောကြာနေ့က စေလွှတ်လိုက်ပါတယ်။
အခုပတ် အစပိုင်းက ဟားမာ့စ် ထိပ်တန်းခေါင်းဆောင် ဟာနီယက်ဟာ အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့နောက် ဒေသတွင်းမှာ အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ရှိလာနိုင်မဲ့ အခြေအနေတွေကြောင့် အစ္စရေးနိုင်ငံကို အကာအကွယ်ပေးဖို့ အခုလို စစ်အင်အား ဖြန့်ကြက်မှုတွေ လုပ်လာတာပါ။
အခုလို လေယာဉ်တင်သင်္ဘောအုပ်စု တစ်စုနဲ့ စစ်အင်အားတွေ စေလွှတ်မှုဟာ ဂါဇာစစ် အစပိုင်းတုန်းက ဒေသတွင်း စစ်သွေးကြွအုပ်စုတွေကို သတိပေးဖို့ လေယာဉ်တင် သင်္ဘောအုပ်စုနှစ်စု စေလွှတ်ခဲ့ပြီးနောက်ပိုင်းမှာ အကြီးစား စစ်အင်အား ဖြန့်ကြက်မှုလည်း ဖြစ်ပါတယ်။

အီရန်ခေါင်းဆောင်က တီဟီရန်မှာ ဟားမာ့စ် ခေါင်းဆောင် သတ်ဖြတ်ခံရမှုအတွက် လက်စားချေဖို့ ရည်ရွယ်ချက်ရှိကြောင်းနဲ့ အစ္စရေးကို နောက်ထပ်တိုက်ခိုက်မှုတစ်ခု လုပ်ချင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောကြားထားတာကို ကြားသိထားကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအရာရှိ ဂျွန်ကာဘီက ပြောပါတယ်။
မိမိတို့ဟာလည်း အဲဒီလို တုံ့ပြန်လက်စားချေ တိုက်ခိုက်မှုတွေရဲ့ သားကောင်ဖြစ်လာနိုင်တယ်ဆိုတာမျိုးကို လက်မခံနိုင်တဲ့အတွက် ဒေသတွင်းမှာ မှန်ကန်တဲ့ ရင်းမြစ်နဲ့ စွမ်းအားရှိထားဖို့ သေချာအောင် လုပ်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။
အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက်ဩစတင်ကလည်း ဒေသတွင်းမှာ တာဝန် ထမ်းဆောင်နေတဲ့ ယူအက်စ်အက်စ် သီအိုဒို ရုစဗဲ့လ် နေရာမှာ ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်း လေယာဉ်တင်သင်္ဘောအုပ်စုနဲ့ အစားထိုးဖို့ သောကြာနေ့က ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ဖျက်သင်္ဘော ၊ တိုက်ချင်းပစ် ဒုံးကျည်ကာကွယ်ရေး စနစ်ပါတဲ့ ခရုဇာသင်္ဘောတွေနဲ့ တိုက်လေယာဉ်အုပ်စုတစ်စုကိုလည်း အရှေ့အလယ်ပိုင်းနဲ့ မြေထဲပင်လယ်ထဲကို စေလွှတ်ဖို့ ညွှန်ကြားထားပါတယ်။