အမေရိကန်နိုင်ငံ ကင်တပ်ကီပြည်နယ် ရဲတပ်ဖွဲ့ဟာ အဝေးပြေးလမ်းမှာ ကားအများအပြားနဲ့ လူတွေကို ပစ်ခတ် ခဲ့တဲ့ သေနတ်သမားတစ်ယောက်ကို စက်တင်ဘာ ၈ ရက်က ဒုတိယမြောက်ရက်အဖြစ် ဆက်လက်ရှာဖွေနေပါတယ်။
လူခုနစ်ယောက် ဒဏ်ရာရရှိစေတဲ့ ပစ်ခတ်မှုကျူးလွန်သူကို ရှာဖွေဖို့ အနီအောက်ရောင်ခြည်သုံး ဒရုန်း အပါအဝင် ခေတ်မီကိရိယာတွေနဲ့အတူ ဥပဒေစိုးမိုးရေးအေဂျင်စီ အများအပြားရဲ့ အကူအညီနဲ့ ပြည်နယ်ချင်းဆက် လမ်းပိုင်း အမှတ် ၇၅ မှာ ရှာဖွေမှုတွေ ဆက်လက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်မှုက ကင်တပ်ကီ အရှေ့ တောင်ပိုင်း လန်ဒန်မြို့ငယ်လေးရဲ့အပြင်ဘက် ၉ မိုင်လောက်အကွာ အဝေးပြေးလမ်းမပေါ်မှာ စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာပါ။

လူငါးယောက် သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပြီး တချို့ ဒဏ်ရာတွေက ပြင်းထန်ပါတယ်။
ဒါပေမဲ့ မျက်နှာမှာ သေနတ်ထိမှန်ခံရသူ တစ်ယောက်အပါအဝင် ဒဏ်ရာရသူတွေရဲ့ အခြေအနေ တည်ငြိမ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုအတွင်း ယာဉ်တိုက်မှုလည်း ဖြစ်ပွားခဲ့လို့ နောက်ထပ် နှစ်ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။
ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန်ခံရတဲ့ ယာဉ်ကိုးစီး ရှိတယ်လို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။