ယူအက်စ်က ကြားဝင်ဆောင်ရွက်လာတဲ့နောက်မှာ လက်ဘနွန်နိုင်ငံမှာ အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ဒါဟာ အစ္စရေး နဲ့ ဟဇ်ဘိုလာ စစ်ကြောင့် ပျက်စီးသွားတဲ့ နိုင်ငံမှာ ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေတွေကို လက်ဘနွန်အစိုးရအနေနဲ့ ရရှိနိုင်အောင် လုပ်တဲ့ အမေရိကန်ရဲ့ ခြေလှမ်းတစ်လှမ်းဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

စနေနေ့က သတင်းစာရှင်းလင်းပွဲမှာ လက်ဘနွန် ဝန်ကြီးချုပ်သစ် နာဝပ်ဖ် ဆာလမ်က အဖွဲ့ဝင် (၂၄) ယောက်ပါတဲ့ ကက်ဘိနက်ကို ဖွဲ့ပြီး ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ၊ ပြန်လည်တည်ဆောက်ရေး နဲ့ အစ္စရေး နယ်စပ်မှာ တည်ငြိမ်မှုရှိရေးတို့အတွက် အခရာကျတယ်လို့ ရှုမြင်ထားကြတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရေး ဦးစားပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားပါတယ်။လက်ဘနွန်ပြည်တွင်း ပြိုင်ဘက် နိုင်ငံရေး ပါတီတွေကြားမှာ ဆွေးနွေးမှုတွေ သုံးပတ်ကြာ ပြုလုပ်ပြီး ဟဇ်ဘိုလာက အဆိုပြုတဲ့ ရှီယိုက်မွတ်ဆလင် ဝန်ကြီးတွေကိစ္စကြောင့် လိပ်ခဲတည်းလည်းဖြစ်နေချိန်မှာ အစိုးရသစ်ဖွဲ့စည်းကြောင်း ကြေညာချက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
အမေရိကန်က အစိုးရအဖွဲ့သစ်တွင်းမှာ ဟဇ်ဘိုလာရဲ့ ဩဇာလွှမ်းမိုးမှုကို ဖယ်ရှားထားနိုင်ပြီဖြစ်ပါတယ်။ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ လက်ထောက် အထူးကိုယ်စားလှယ် မော်ဂန်း ဩတာဂတ်စ်က အစိုးရအဖွဲ့သစ်မှာ ဟဇ်ဘိုလာ ပါဝင်မှုဟာ လုံး၀လက်မခံနိုင်တဲ့ မကျော်ရစည်းကို ဖြတ်ကျော်တဲ့ လုပ်ရပ်ဖြစ်ပြီး ဟဇ်ဘိုလာအဖွဲ့အပေါ် ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်ခဲ့တဲ့ အစ္စရေးနိုင်ငံအပေါ်မှာ ကျေးဇူးတင်ကြောင်း သောကြာနေ့က ပြောခဲ့ပါတယ်။ အဲဒီပြောဆိုချက်ကြောင့် လက်ဘနွန်နိုင်ငံမှာ ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။