အသက်ဆုံးရှုံးရနိုင်တဲ့အထိ အန္တရာယ်ကြီးမားတဲ့ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း မီလ်တန်ဟာ အမေရိကန် နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို ဆီယက်စတာကီး ကမ်းခြေကနေ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်နေပါတယ်။
ဟာရီကိန်း မီလ်တန်ဟာ ကုန်းတွင်းပိုင်းကို အင်အားအဆင့်(၃) ဟာရီကိန်းအဖြစ်နဲ့ ဝင်ရောက်ခဲ့ဖြစ်ပြီး ပြည်နယ် အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ္စ က ဘေးကင်းလုံခြုံစွာ နေရာရွှေ့ပြောင်းဖို့အတွက် အချိန်ကုန်ဆုံးသွားပြီလို့ ပြောဆိုပြီးတဲ့နောက် လေပြင်းတိုက်ခတ်မှုနဲ့ ရုတ်တရက် ရေကြီးရေလျှံမှု အန္တရာယ်သတိပေးချက်တွေ ချက်ချင်း ထုတ်ပြန်လိုက်ပါတယ်။

ပြည်နယ်တွင်း နေရာအများအပြားမှာ လေဆင်နှာမောင်းရန်နဲ့ မုန်တိုင်းဒီရေရန် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ တစ်နေ့လုံး ဒေသခံ သန်းပေါင်းများစွာဟာ ဘေးလွတ်ကို အမြန်တိမ်းရှောင်နေခဲ့ကြပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အဲဒီဟာရီကိန်းဟာ ရာစုနှစ်တစ်ခုအတွင်း ဖျက်အားအပြင်းဆုံး မုန်တိုင်း တစ်ခုဖြစ်လာမယ်လို့ ပြောဆို သတိပေးထားပါတယ်။