အစ္စရေးဟာ အနောက်ဘက်ကမ်းကို နောက်ထပ်ဂါဇာအဖြစ် ပြောင်းလဲဖို့ ရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက်နဲ့ ရှေ့တန်းစစ်မျက်နှာသစ် ဖွင့်လှစ်ထားတယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲက စက်တင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။

ဂျိုးဇက်ဘော်ရဲလ်က ကိုင်ရိုရှိ အာရပ်အဖွဲ့ချုပ်ကို မိန့်ခွန်းပြောရာမှာ နိုင်ငံတကာ အသိုက် အဝန်းက အရေးယူလုပ်ဆောင်မှုမရှိရင် အနောက်ဘက်ကမ်းဟာ ဂါဇာအသစ်ဖြစ်လာလိမ့်မယ်လို့ သတိပေး ပြောကြားသွားခဲ့တာပါ။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ အစိုးရဟာ အနာဂတ် ပါလက်စတိုင်း နိုင်ငံကို ဖန်တီးဖို့ မဖြစ်နိုင်အောင် လုပ်နေပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးလက်မှတ်ရေးထိုးဖွယ် မရှိဘူးလို့လည်း ပြောပါတယ်။

ဂါဇာဒေသ လူသားချင်း စာနာမှုနဲ့ ပြန်လည်တည်ဆောက်ရေး ညှိနှိုင်းရေးမှူး ဆီဂရစ်ကက်ကလည်း ဂါဇာကိုဝင်ရောက်ဖို့ လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရမယ်လို့ ပြောပါတယ်။
ဂါဇာက လူဦးရေ ၂ ဒသမ ၃ သန်းနီးပါးဟာ အနည်းဆုံးတစ်ကြိမ် သူတို့နေအိမ်တွေက နှင်ထုတ်ခံခဲ့ရပြီး တချို့ဟာ ၁၀ ကြိမ်အထိ ထွက်ပြေးခဲ့ရပါတယ်။
တိုက်ပွဲတွေ အဆုံးသတ်ပြီး ဂါဇာက ဓားစာခံတွေ လွတ်မြောက်လာမယ့် အပစ်အခတ်ရပ်စဲရေးရရှိဖို့ အစ္စရေးနဲ့ ဟားမာ့စ်တို့ဟာ အခုအချိန်အထိ တစ်ဖက်နဲ့တစ်ဖက် အပြစ်တင်နေကြဆဲ ဖြစ်ပါတယ်။