အင်ဒိုနီးရှားနိင်ငံ အနောက်ဂျာဗားပြည်နယ် ပွန်ကတ်ဒေသမှာ အားလပ်ရက် အပန်းဖြေခရီးထွက်လာသူတွေဟာ အဆိုးရွားဆုံး (၁၄)နာရီကြာ ယာဉ်ကြောပိတ်ဆို့မှုတစ်ရပ်နဲ့ တနင်္လာနေ့က ရင်ဆိုင်ခဲ့ရပါတယ်။ အဆိုးရွားဆုံးလို့ ဒေသခံတွေ သတ်မှတ်ထားတဲ့ အဲဒီ ယာဉ်ကြောပိတ်ဆို့မှုဟာ တမန်တော်မိုဟာမက်ရဲ့ မွေးနေ့ အထိမ်းအမှတ် ရုံးပိတ်ရက် ကုန်ဆုံးပြီးချိန်မှာ ဖြစ်ပေါ်ခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံမှာ စက်တင်ဘာ(၁၆)ရက်နေ့ဟာ တမန်တော် မိုဟာမက် မွေးနေ့ဖြစ်ပြီး မွေးနေ့အထိမ်းအမှတ်အဖြစ် တစ်ပတ်ကြာ ရုံးပိတ်လေ့ရှိပါတယ်။ အားလပ်ရက်ကုန်ဆုံး ပြီး ပြန်လာကြသူတွေကြောင့် ပွန်ကတ်ဒေသ လမ်းမကြီးတွေမှာ ယာဉ်ကြောထူထပ်ခဲ့လို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတဲ့အတွက် ခရီးသွားတွေဟာ လမ်းဘေးနားမှာ ခရီးဆောင်အိတ်တွေ၊ အထုပ်အပိုးတွေပေါ်မှာပဲ အိမ်စက်ရင်း၊ ထိုင်ရင်း အနားယူကာ လမ်းပွင့်တဲ့အထိ စောင့်ဆိုင်းခဲ့ကြရပါတယ်။

အဒေးလို့ခေါ်တဲ့ ဒေသခံ တစ်ယောက်က ပွန်ကတ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားလေ့ရှိပေမဲ့ နာရီအနည်းငယ်အတွင်း လမ်းပြန်ပွင့် လေ့ရှိခဲ့ကြောင်း၊ အခုတော့ လမ်းပေါ်မှာတင် တနင်္ဂနွေနေ့ နေ့လယ်ကစပြီး တနင်္လာနေ့ မနက်ထိ အချိန်ကုန်ခဲ့ ရတယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ(၁၆)ရက်က ပွန်ကတ်ဒေသမှာ မော်တော်ယာဉ်ပေါင်း (၁၄၀၀၀၀)လောက် ဖြတ်သန်းသွားလာခဲ့ပြီး ဒါဟာ ဒေသတွင်းက နှစ်လမ်းသွား လမ်းမကြီး တွေမှာ ဝင်ဆံ့နိုင်တဲ့ ယာဉ်အရေအတွက်ရဲ့ နှစ်ဆလောက်ထိ ရှိတယ်လို့ ဖော်ပြထားကြောင်း Channnel News Asia သတင်းက ဆိုပါတယ်။