လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရသူတွေလို့ ယူဆရတဲ့ ကလေး ၄၀၀ ကျော်ကို မလေးရှားအာဏာပိုင်တွေက ကယ်တင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၁ ရက်က ပြောပါတယ်။
တားမြစ်ထားတဲ့ ဘာသာရေးဂိုဏ်းတစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ အထင်ကရ အစ္စလာမ္မစ်စီးပွားရေးအဖွဲ့အစည်းတစ်ခုက ဖွင့်လှစ် ထားတဲ့ ပရဟိတအိမ်တွေကနေ ကလေးတွေကို ကယ်ထုတ်ခဲ့တာပါ။
မလေးရှားပြည်နယ်နှစ်ခုက အဆောက်အအုံ ၂၀ မှာ ညှိနှိုင်းစီးနင်းမှုအတွင်း အစ္စလာမ်ဘာသာရေးဆရာတွေ အပါအဝင် အရွယ်ရောက်ပြီးသူ ၁၇၁ ယောက်ကို ဖမ်းဆီးခဲ့တာလို့ ရဲစစ်ဆေးရေးမှူးချုပ် ရာဇာအူဒင် ဟူစိန်က ပြောပါတယ်။
လျစ်လျူရှုမှု၊ မတော်မတရားမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိတယ်လို့ အခုလအတွင်း တိုင်ကြားခံရပြီးနောက် အသက်တစ်နှစ်ကနေ ၁၇ နှစ်ကြား ယောက်ျားလေး ၂၀၁ ယောက်နဲ့ မိန်းကလေး ၂၀၁ ယောက်တို့ ပါဝင်တဲ့ အရွယ်မရောက်သေးသူ ၄၀၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ရာဇာအူဒင်က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောပါတယ်။

နေအိမ်တွေ အားလုံးကို GISB ခေါ် စီပွားရေးအဖွဲ့အစည်းတစ်ခုက စီမံဆောင်ရွက်ထားတာပါ။
GISB ဟာ ၁၉၉၄ ခုနှစ်မှာ မလေးရှား အစိုးရက တားမြစ်ပိတ်ပင်ခဲ့တဲ့ မလေးရှားအခြေစိုက် အဲလ်အာခမ် ဘာသာရေးဂိုဏ်းနဲ့ ချိတ်ဆက်ထားပါတယ်။
GISB က လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုမှု စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ပရဟိတအိမ်တွေကို စီမံခန့်ခွဲခြင်းမရှိဘူးလို့ ပြောပါတယ်။
ကလေးတွေဟာ မလေးရှားက GISB ဝန်ထမ်းတွေရဲ့ ကလေးငယ်တွေဖြစ်ပြီး မွေးပြီးပြီးချင်း နေအိမ်တွေကို ပို့ဆောင်ခံရကာ ပုံစံအမျိုးမျိုးနဲ့ ညှဉ်းပန်းခံရတယ်လို့ ရဲတပ်ဖွဲ့က ပဏာမတွေ့ရှိရတယ်လို့ သိရပါတယ်။