ဗင်နီဇွဲလားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား (၆)ယောက်ဟာ ယူအက်စ်ကို ပြန်လည် ရောက်ရှိလာကြပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့က ပြောပါတယ်။ ဒါဟာ ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပြီးတဲ့နောက် ကန်နိုင်ငံသား (၆)ယောက် ပြန်လည် လွတ်မြောက်လာတာပါ။

ဝါရှင်တန်ဟာ မာဒူရိုရဲ့ သမ္မတ ဖြစ်တည်မှုကို တရားဝင် အသိအမှတ်ပြုထားတာ မရှိတဲ့ အတွက် ကာရာကတ်စ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုဟာ ထူးခြားချက် တစ်ခုဖြစ်ပါတယ်။ ယူအက်စ်တာဝန်ရှိသူတွေ ဟာ ပြန်လည်လွတ်မြောက်လာတဲ့ သူတွေရဲ့ နာမည်တွေကို အသေးစိတ် ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပေမဲ့ ထရမ့်ရဲ့ အထူးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရစ်ချတ်ဒ် ဂရီနဲလ်က သူရဲ့ X လူမှုကွန်ရက်ပေါ်မှာ အမျိုးသား တွေနဲ့အတူ လေယာဉ်စီးနင်းတဲ့ပုံကို တင်ခဲ့တာတွေ့ရပါတယ်။

မာဒူရိုက တတိယအကြိမ် သမ္မတသက်တမ်း ထမ်းဆောင်မှုကို ဗင်နီဇွဲလား အတိုက်အခံတွေက စိန်ခေါ်မေးခွန်း ထုတ်နေကြသလို ဥရောပသမဂ္ဂ၊ ယူနိုက်တက် ကင်းဒမ်း၊ ကနေဒါနဲ့ ယူအက်စ်အေတို့ကလည်း မာဒူရိုကို တရားဝင် အသိအမှတ် ပြုမထားကြပါဘူး။