အစ္စရေးနိုင်ငံကို ပျံသန်းပြေးဆွဲတဲ့ အမေရိကန်လေကြောင်းလိုင်းအားလုံးကို လာမဲ့ ၂၀၂၅ ခုနှစ် ဧပြီလအထိ ဖျက်သိမ်းလိုက်ကြောင်း အစ္စရေးမီဒီယာတွေက တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။
ဂါဇာဒေသမှာ အစ္စရေးက ထိုးစစ်ဆင်မှုတွေ ဆက်လုပ်နေချိန်မှာ အခုလို အမေရိကန်လေကြောင်းလိုင်းခရီးစဉ်တွေ ဖျက်သိမ်းမှု ထွက်ပေါ် လာတာပါ။
ခရီးစဉ်ဖျက်သိမ်းတဲ့အထဲမှာ ယူနိုက်တက် အဲလိုင်း ၊ ဒဲလ်တာ အဲလိုင်း အပါအဝင် နိုင်ငံတကာ လေကြောင်းလိုင်းကြီးတချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အစ္စရေးမီဒီယာတစ်ခုဖြစ်တဲ့ KAN ကလည်း အမေရိကန်လေကြောင်းလိုင်းတွေဟာ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ ဘင်ဂူရီယံလေဆိပ်နဲ့ ပျံသန်းပြေးဆွဲတဲ့ ခရီးစဉ်တွေကို လာမဲ့နှစ် ဧပြီလထိ ပြေးဆွဲမှု ရပ်နားကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်လေကြောင်းလိုင်း တွေကတော့ အဲဒီလို လနဲ့ချီ လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုထုတ်ပြန်တာမျိုး မလုပ်ပါဘူး။
KAN ရဲ့ ဖော်ပြချက်အရ ဩဂုတ်လ(၇)ရက်က ရရှိတဲ့ စာရင်းအရ အစ္စရေးကို လေကြောင်းပျံသန်းမှု ဖျက်သိမ်းတဲ့ လေကြောင်းလိုင်းအရေအတွက်ဟာ အခု(၂၀)အထိ ရှိလာပြီလို့ ပြောထားပါတယ်။
ဟားမာ့စ် ခေါင်းဆောင် တီဟီရန်မှာ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အီရန်က လက်စားချေတုံ့ပြန်သွားမယ်လို့ ကြုံးဝါးထားပြီးတဲ့နောက် အစ္စရေးနိုင်ငံဟာ စစ်ရေး တပ်လှန့်မှုကို အမြင့်ဆုံး မြှင့်တင်ထားပါတယ်။