အစ္စရေးနိုင်ငံ မြောက်ပိုင်းက ထွက်ခွာရွှေ့ပြောင်းခဲ့ရသူတွေကို နေရပ်ပြန်လည်ပို့ဆောင်ဖို့ တစ်ခုတည်းသော နည်းလမ်းက စစ်ရေးလုပ်ဆောင်မှုဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ဂါလန့်က ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်က အမေရိကန်သံတမန် အမို့စ် ဟိုချ်စတိန်းနဲ့ တွေ့ဆုံရာမှာ မှတ်ချက်ပြုခဲ့တာဖြစ်ပြီး ဟစ်ဇ်ဘိုလာဟာ ဟားမာ့စ်နဲ့ ဆက်လက် ချိတ်ဆက်နေပြီး ပဋိပက္ခကို အဆုံးသတ်ဖို့ ငြင်းဆိုနေတယ်လို့လည်း ပြောပါတယ်။
သဘောတူညီချက်တစ်ခုအတွက် ဖြစ်နိုင်ခြေက ကုန်ဆုံးတော့မှာဖြစ်လို့ အစ္စရေးမြောက်ပိုင်းက လူ့အဖွဲ့အစည်းတွေကို နေရပ်ပြန်ရေးအတွက် သေချာစေမယ့် တစ်ခုတည်းသောနည်းလမ်းက စစ်ရေးအရ အရေးယူခြင်းသာ ဖြစ်တယ်လို့ ဂါလန့်က ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမာ့စ် ဦးဆောင်တဲ့ သေနတ်သမားတွေက တိုက်ခိုက်ပြီးနောက် ဖြစ်လာတဲ့ ဂါဇာစစ်ပွဲကို အစ္စရေးက အဓိက အာရုံစိုက် နေပါတယ်။
ဒါပေမဲ့ မြောက်ပိုင်းက မရေရာတဲ့ အခြေအနေကြောင့် အမေရိကန်နဲ့ အီရန်တို့ ပါဝင်လာတဲ့ ဒေသ တွင်း ပဋိပက္ခဖြစ်မှာကို စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်နောက်ပိုင်းမှာ ဟစ်ဇ်ဘိုလာက ဒုံးကျည်တွေ အများအပြားနဲ့ အစ္စရေးကို ပစ်ခတ်ခဲ့တဲ့အချိန်ကစပြီး အစ္စရေးဂျက်လေယာဉ်တွေက လက်ဘနွန် ပိုင်နက်အတွင်းကို တိုက်ခိုက်နေသလို နေ့စဉ်နဲ့အမျှ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။