အစ္စရေးနဲ့ လက်ဘနွန်ပြည်သူ့စစ် ဟစ်ဇ်ဘိုလာတို့အကြား ၁၃ လကြာ တိုက်ပွဲတွေ အဆုံးသတ်ဖို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရရှိပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာပါတယ်။ လက်ဘနွန်မှာ တိုက် ခိုက်မှုတွေရပ်စဲပြီး ဟစ်ဇ်ဘိုလာနဲ့ တခြားအကြမ်းဖက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကနေ အစ္စရေးကို လုံခြုံစေမှာ ဖြစ်တယ်လို အမေရိကန်နဲ့ ပြင်သစ်တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
သဘောတူညီချက်ဟာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်အောင် ဒီဇိုင်းထုတ်ထားတယ်လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းအရ ရက် ၆၀ ကျော်အတွင်း ဟစ်ဇ်ဘိုလာဟာ သူ့တိုက် ခိုက်ရေးသမားတွေနဲ့ လက်နက်တွေကို လက်ဘနွန်နဲ့ အစ္စရေးအကြား တရားဝင်မဟုတ်တဲ့ နယ်စပ်မျဉ်းဖြစ်တဲ့ အပြာလိုင်းနဲ့ မြောက်ဘက် မိုင် ၂၀ အကွာက လစ်တာနီမြစ်ကြားကနေ ဖယ်ရှားရမှာဖြစ်ပါတယ်။ အလားတူ အစ္စရေးလည်း သူ့တပ်ဖွဲ့ဝင်တွေကို တဖြည်းဖြည်း ဆုတ်ခွာသွားမှာဖြစ်ပြီး နယ်စပ်နှစ်ဖက်က အရပ်သားတွေ နေရပ်ပြန်နိုင်စေမယ်လို့ ဆိုပါတယ်။

စခန်းတွေ၊ လက်နက်ကြီးတွေကို ဖယ်ရှားပြီး ပြန်လည်တည်ဆောက်စုစည်းလို့ မရနိုင်ကြောင်း သေချာစေမယ့် အဲဒီဒေသမှာ လက်ဘနွန်တပ်မတော် တပ်ဖွဲ့ဝင်တွေက ဟစ်ဇ်ဘိုလာတွေနေရာမှာ အစားထိုးဝင်ရောက်မယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။ အခုရရှိခဲ့တဲ့ သဘောတူညီချက်ဟာ ၂၀၀၆ ခုနှစ်က အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ တို့အကြား စစ်ပွဲကို အဆုံးသတ်စေခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၀၁ ကို အဓိက အခြေခံ ထားတယ်လို့ သိရပါတယ်။ အဲဒီဆုံးဖြတ်ချက်အရ လီတာနီနဲ့ တောင်ဘက်ဒေသမှာ လက်ဘနွန်တပ်မတော်နဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ (Unifil) တို့ကလွဲပြီး တခြားလက်နက်ကိုင်တွေ ဒါမှမဟုတ် လက်နက် တွေ ကင်းစင်ရမှာဖြစ်ပါတယ်။