ဟားမာ့စ်အဖွဲ့က မနေ့က ဖေဖော်ဝါရီ ၁၅ ရက်မှာ အစ္စရေးဓားစာခံ ၃ ယောက်ကို ထပ်လွှတ်ပေးခဲ့ပြီး အစ္စရေးဘက်ကလည်း သူတို့ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသား ၃၆၉ ဦးကို လွှတ်ပေးခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အစ္စရေးနဲ့ ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ ဓားစာခံလဲလှယ်ရေးဟာ ပျက်ပြားတော့မလို ဖြစ်ခဲ့ပေမယ့် ပုံမှန်အတိုင်း ဓားစာခံလဲလှယ်မှုတွေ ဆက်လုပ်နေပါတယ်။

အစ္စရေးနဲ့ ဟားမာ့စ်အကြား အပစ်ရပ်သဘောတူညီချက် ပထမအဆင့် စတင်တဲ့ ဇန်နဝါရီ ၁၉ ရက်ကစလို့ လက်ရှိအချိန်အထိ အစ္စရေးဓားစာခံ ၁၉ ဦး လွတ်မြောက်ပြီး ပါလက်စတိုင်းအကျဉ်းသား ၁၀၀၀ ကျော် လွတ်မြောက်လာပါတယ်။ဖေဖော်ဝါရီ ၁၅ ရက်က ပြန်လွတ်မြောက်လာတဲ့ အစ္စရေး ဓားစာခံ ၃ ဦးဟာ လက်ရှိမှာ အစ္စရေးအလယ်ပိုင်းက ဆေးရုံမှာ စစ်ဆေးမှုတွေ ခံယူနေပြီး သက်ဆိုင်ရာ မိဘဆွေမျိုးတွေနဲ့ ပြန်တွေ့ဆုံနေပြီ ဖြစ်ပါတယ်။

အစ္စရေး- ဟားမာ့စ် အပစ်ရပ် သဘောတူညီချက် ပထမအဆင့်အရ ၆ ပတ်အတွင်းမှာ အစ္စရေးဓားစာခံ ၃၃ ဦးနဲ့ ပါလက်စတိုင်းအကျဉ်းသား ၁၉၀၀ လွတ်မြောက်မှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဂါဇာကို ရှင်းလင်းပြီး ပါလက်စတိုင်းတွေကို အခြားနိုင်ငံတွေဆီ ရွှေ့ပြောင်းစေမယ်ဆိုတဲ့ ပြောကြားချက်ကြောင့် အစ္စရေး-ဟားမာ့စ် အပစ်ရပ်သဘောတူညီချက်ကို ထိခိုက်စေနိုင်မယ်လို့ စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။