ကင်ညာနိုင်ငံမှာ လူ ၂၃ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တဲ့ နိုင်ငံတစ်ဝန်း ဆူပူမှုတွေ ဖြစ်ပေါ် ခဲ့ပြီးနောက် သမ္မတ ဝီလျံ ရူတိုက သူ့ရဲ့ အငြင်းပွားဖွယ် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ အခွန်တိုးကောက်မယ့် အစီအစဉ်ကို ပြန်ရုပ်သိမ်း လိုက်ပါတယ်။
ဇွန် ၂၅ ရက် ဖြစ်ပေါ်ခဲ့တဲ့ မငြိမ်သက်မှုကို ဒီမိုကရေစီအပေါ် မကြုံစဖူး တိုက်ခိုက်မှုအဖြစ် ရှုတ်ချခဲ့တဲ့ ဝီလျံရူတိုက လူထုရဲ့ကန့်ကွက်မှုကို ပြန်လည်သုံးသပ်ပြီးနောက် ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးဥပဒေ ကြမ်းကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ ဇွန် ၂၆ ရက်မှာ ပြောဆိုခဲ့ပါတယ်။
လူကြိုက်မများတဲ့ အခွန်ကိစ္စအရေး လွှတ်တော်အမတ်တွေ အခြေအတင်ဆွေးနွေးနေတုန်း ဆန္ဒဖော်ထုတ်သူတွေ က လွှတ်တော်ထဲ ဝင်ရောက်ဖို့ ကြိုးပမ်းရာက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ခဲ့တာပါ။ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေကြောင့် အသက်ဆုံးရှုံးရမှုတွေနဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးမှုတွေ အတွက် ဝမ်းနည်းကြောင်း ရူတိုက ပြောဆိုခဲ့ပြီး မကျေနပ်မှု အတိမ်အနက်ကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။
ဘဏ္ဍာရေးဥပဒေမူကြမ်း ရုပ်သိမ်းမယ်လို့ ပြောဆိုရင်း သမ္မတရူတိုက ခရီးသွားလာမှု၊ မော်တော် ယာဉ်တွေနဲ့ ပြုပြင် မွမ်းမံမှုတွေအတွက် ရန်ပုံငွေ ဖြတ်တောက်ခြင်းအပါအဝင် အသုံးစရိတ်တွေလျှော့ချဖို့ သမ္မတရုံးနဲ့ အမှုဆောင် ဌာန တွေ အားလုံး ခြိုးခြံချွေတာမှုတွေ ချက်ခြင်းပြုလုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဆန္ဒဖော်ထုတ်သူတွေရဲ့ တောင်းဆိုချက် ဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေးလုပ်ဆောင်မယ်လို့လည်း ကတိပြုခဲ့ပါတယ်။