ဂျာမန်ဝန်ကြီးချုပ် အိုလက်ရှိုးလ် ဦးဆောင်တဲ့ အစိုးရဟာ သေချာစွာ စဉ်းစားပြီးမှ ရုရှားနဲ့ အကျဉ်းသားလဲလှယ်ရေးကို ဆုံးဖြတ်ခဲ့တယ်လို့ ဂျာမန်ပြည်ထဲရေးဝန်ကြီး နန်စီ ဖေဆာက ပြောပါတယ်။
အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်တယ်လို့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD)က နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ ဖေဆာက သြဂုတ် ၂ ရက်မှာ ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ ဘေးဆွယ် တွေ့ဆုံပွဲတစ်ခုမှာ ပြောကြားခဲ့တာပါ။ အကျိုးစီးပွားအမျိုးမျိုးကို ထည့်သွင်းစဉ်းစားရတယ်လို့လည်း ပြောပါတယ်။
စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး အရှေ့-အနောက် အကျဉ်းသားလဲလှယ်မှုမှာ ဂျာမနီက လွှတ်ပေးလိုက်တဲ့ တိုက်ခိုက်ရေးသမား ဗာဒင် ကရာဆီကော့ဗ်ဟာ ရုရှားရဲ့ FSB ထောက်လှမ်းရေးအဖွဲ့က ဝန်ထမ်းဖြစ်ပြီး FSB ရဲ့ အထူးတပ်ဖွဲ့ အယ်လ်ဖာအုပ်စုမှာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဂျာမနီက ပြောဆိုခဲ့ပါတယ်။

ကရာဆီကော့ဗ်ဟာ ၂၀၁၉ ခုနှစ်က ဘာလင်ပန်းခြံမှာ ချေချင်းစစ်သွေးကြွ ဟောင်းတစ်ယောက်ကို သတ်ဖြတ်ခဲ့မှုနဲ့ ဂျာမန်တရားရုံးတစ်ရုံးရဲ့ ပြစ်ဒဏ်ချမှတ်တာကို ခံခဲ့ရပါတယ်။
ကြာသပတေးနေ့ ညနေပိုင်းမှာ လွတ်မြောက်သွားတဲ့ ကရာဆီကော့ဗ်ကို မော်စကိုလေဆိပ်မှာ သမ္မတပူတင်က ပွေ့ဖက်ကြိုဆိုခဲ့ပါတယ်။
ကြာသပတေးနေ့က ရုရှားနဲ့ အနောက်နိုင်ငံတွေအကြား အကျဉ်းသားလဲလှယ်ရေးမှာ ဂျာမန်အစိုးရဟာ အဓိကအခန်းက ပါဝင်ခဲ့ပြီး မော်စကိုက အနောက်နိုင်ငံတွေမှာ ထိန်းသိမ်းခံထားရတဲ့ ရုရှားရှစ်ယောက်အတွက် အကျဉ်းသား ၁၆ ယောက်ကို အလဲအလှယ် လုပ်ခဲ့တာဖြစ်ပါတယ်။