ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က သူ့အနေနဲ့ ပြိုင်ဘက် ကာမာလာ ဟဲရစ်နဲ့ နောက်တစ်ကြိမ် စကားစစ်ထိုးပွဲ ဆင်နွှဲမှာ မဟုတ်တော့ဘူးလို့ ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က လုပ်ခဲ့တဲ့ သမ္မတလောင်းနှစ်ယောက်ရဲ့ စကားစစ်ထိုးပွဲအပြီးမှာ ပြိုင်ဘက် ကာမာလာဟဲရစ်က ထရမ့်ကို အသာရခဲ့ကြောင်း လူထုစစ်တမ်းအတော်များများက ဖော်ပြခဲ့တဲ့နောက် ထရမ့်က အခုလို ပြောလာတာပါ။
တတိယမြောက် စကားစစ်ထိုးပွဲဆိုတာ ရှိလာမှာမဟုတ်တော့ဘူးလို့ အမေရိကန်သမ္မတဟောင်းဖြစ်တဲ့ ထရမ့်က သူရဲ့ Truth Social လို့ခေါ်တဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးတင်ခဲ့ပါတယ်။

အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ စကားစစ်ထိုးပွဲမှာ သူနိုင်ကြောင်း ထရမ့်က ပြောဆိုနေပေမဲ့ ရိုက်တာက စကားပြောဆိုခွင့်ရခဲ့တဲ့ ရီပတ်ဘလီကန် အလှူရှင် (၆)ယောက်နဲ့ ထရမ့်ရဲ့ အကြံပေး (၃)ယောက်တို့ရဲ့ အမြင်မှာတော့ စကားစစ်ထိုးပွဲမှာ ထရမ့်က သူပေးချင်တဲ့ အဓိက သတင်းစကားကို မပေးနိုင်ခဲ့တဲ့အတွက် ဟဲရစ်က အဲဒီပွဲကိုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အချက်အလက်တွေအရ အဲဒီ စကားစစ်ထိုးပွဲ ကို ရုပ်သံကနေ တိုက်ရိုက်ကြည့်ရှုသူ (၆၇ သန်း)ထိ ရှိခဲ့ပါတယ်။
ထရမ့်ရဲ့ အခုပြောဆိုချက် ထွက်ပေါ်လာတဲ့နောက် ဟဲရစ်က ထရမ့်အနေနဲ့ မဲဆန္ဒရှင်တွေကို နောက်တစ်ကြိမ် စကားစစ်ထိုးပွဲတစ်ခု လုပ်ပေးသင့်တယ်လို့ ယူဆကြောင်း တုံ့ပြန်ထားပါတယ်။