ဟားမာ့စ်အကြီးအကဲ အစ္စမေးလ် ဟာနီယက် သတ်ဖြတ်ခံရမှုအပေါ် ဆန့်ကျင်တဲ့ဆန္ဒထုတ်ဖော်မှုတွေကို လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်မှာ သြဂုတ် ၂ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
အီရန်နိုင်ငံ မြို့တော် တီဟီရန်မှာ ဟာနီယက် လုပ်ကြံခံရပြီး နှစ်ရက်အကြာ သောကြာနေ့က ကာတာမှာ မြှုပ်နှံလိုက်တဲ့ ခေါင်းဆောင်အတွက် သင်္ကေတ ရုပ်အလောင်းကို လက်ဘနွန်သားတွေက သယ်ဆောင်ကာ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဘေရွတ်မြို့တော်ရဲ့ လမ်းတွေပေါ်မှာ ရာချီတဲ့လူတွေက ပါလက်စတိုင်းအလံတွေ ဝှေ့ယမ်းပြီး ကြွေးကြော်နေကြပါတယ်။

စည်းလုံးညီညွတ်ပြီး ဂုဏ်သိက္ခာရှိစွာနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ပြင်းထန်တဲ့ တုံ့ပြန်မှုတစ်ရပ်ကို ဖန်တီး သွားမယ်လို့ ပါလက်စတိုင်း အမျိုးသားကောင်စီ ဒုတိယဥက္ကဋ္ဌ အလီ ဖေဆယ်က ချီတက်ပွဲအတွင်း ပြောဆိုခဲ့ပါတယ်။
ဟာနီယက်တည်းခိုရာ တီဟီရန်မြို့က နိုင်ငံပိုင်တည်းခိုခန်းတစ်ခုကို ဒုံးကျည်ထိမှန် သေဆုံးသွားခဲ့ကြောင်း သူနဲ့အတူ ရှိခဲ့တဲ့ သက်သေတွေကို ကိုးကားပြီး ဟားမာ့စ်အကြီးတန်းအရာရှိ ခါလီ အဲလ်-ဟာယာက ပြောပါတယ်။
ဟားမာ့စ်နဲ့ အစ္စရေးတို့အကြား ဂါဇာစစ်ပွဲ ၁၁ လ နီးပါး ရှိလာချိန် အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပျံ့နှံ့လာမှာ ကို စိုးရိမ်နေကြပါတယ်။