အမေရိကန်ုနိင်ငံ ဖလော်ရီဒါပြည်နယ်ကို ဖျက်အားပြင်း ဟာရီကိန်း မီလ်တန် ဝင်ရောက်မယ်လို့ ခန့်မှန်းရတဲ့ နောက် ဖလော်ရီဒါပြည်နယ် အဝေးပြေးလမ်းတွေမှာ မုန်တိုင်းလွတ်ရာ ဂျော်ဂျီယာပြည်နယ်ဘက်ကို ထွက်ခွာတဲ့ ယာဉ်တွေကို အခုလို တွေ့ရပါတယ်။
မုန်တိုင်းရန်နဲ့ လွတ်ရာ အမြန်တိမ်းရှောင်လာတဲ့သူတွေ များပြားတာကြောင့် အဝေးပြေးလမ်းတွေမှာ ယာဉ်ကြောကျပ်တည်းမှုတွေ တနင်္လာနေ့က ဖြစ်ပေါ်နေပါယတ်။
ဖလော်ရီဒါပြည်နယ် တမ်းပါးမြို့ရဲ့ မြို့တော်ဝန် ဂျိန်း ကတ်စ်တာ က နေရပ်ရွှေ့ပြောင်းအမိန့်ကြောင့် လူအများအပြား ဘေးလွတ်ရာကို စွန့်ခွာတိမ်းရှောင်နေတဲ့ အတွက် ပြည်နယ်ချင်းဆက်လမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့ရပ်ဆိုင်းသွားခဲ့တယ်လို့ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နေရာမရွှေ့ရသေးတဲ့ ဒေသခံတွေအနေနဲ့လည်း အမြန်ဆုံး ပြင်ဆင်ပြီး မြို့ကနေ စွန့်ခွာဖို့ မြို့တော်ဝန်ကတ်စ်တာ က အကြံပြုတိုက်တွန်းထားပါတယ်။

နေရပ်ရွှေ့ပြောင်း အမိန့်ထဲ အကျုံးဝင်တဲ့ ဇုန်တွေမှာ ဆက်နေနေတဲ့ လူတွေကိုလည်း မကြာခင် အသက်ဘေးနဲ့ ကြုံရနိုင်ကြောင်း တမ်းပါးမြို့တော်ဝန်က သတင်းစကား ပါးထားပါတယ်။
ပြည်နယ်တွင်းက ဆေးရုံဆေးခန်းတွေနဲ့ ဆေးဘက် ဆိုင်ရာ အခြေခံအဆောက်အအုံတွေကိုလည်း လူနာတင်ယာဉ် (၆၀၀)လောက်နဲ့ အမြန် နေရာရွှေ့ပြောင်းမှုတွေ လုပ်နေပါတယ်။
လေဆိပ်တွေမှာလည်း လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းပြီး လေဆိပ်တွေကို ပိတ်ထားသလို အော်လန်ဒိုမြို့မှာဆိုရင် အရေးပေါ်အခြေအနေတစ်ရပ်ကို ထုတ်ပြန်ကြေညာထားပါတယ်။
ဟာရီကိန်း မုန်တိုင်း မီလ်တန်ဟာ တနင်္ဂနွေနေ့က အဆင့်(၃) မုန်တိုင်းအဖြစ်ကနေ တနင်္လာနေ့မှာတော့ အသက်အန္တရာယ်ရှိတဲ့ အဆင့် (၅) ဟာရီကိန်းမုန်တိုင်းအဖြစ်ကို ပြောင်းလဲရောက်ရှိသွားခဲ့ပါတယ်။
မီလ်တန်ဟာ ဗုဒ္ဓဟူးနေ့မှာ ဖလော်ရီပြည်နယ် ကမ်းရိုးတန်းဒေသကို စတင်ဝင်ရောက်မယ်လို့ ခန့်မှန်းရပါတယ်။