အပူပိုင်းမုန်တိုင်း ဒက်ဘီတိုက်ခတ်မှုကြောင့် ဖလော်ရီဒါ မြောက်ပိုင်းမှာ သြဂုတ် ၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မုန်တိုင်းဟာ ဂျော်ဂျီယာနဲ့ ကာရိုလိုင်းနားပြည်နယ်တွေဆီ ရွေ့လျားသွားတယ်လို့ သိရပါတယ်။
တစ်ပတ်အတွင်း အဆင့်နိမ့်သွားဖွယ်ရှိတဲ့ ဟာရီကိန်းမုန်တိုင်းကြောင့် ပြင်းထန်စွာ မိုးရွာသွန်းပြီး ရေကြီးရေလျှံ မှုတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းကြောင့် မက္ကဆီကိုပင်လယ်ကွေ့နားက တံငါမြို့လေး ဖြစ်တဲ့ ဆူဝန်နီကနေ လူတွေ စွန့်ခွာသွားရပါတယ်။
မြို့လေးဟာ ရေအောက်မှာ နစ်မြုပ်နေပြီး ဒက်ဘီက ပင်လယ် ကွေ့ ကမ်းခြေမှာ မိုးအကြီးအကျယ် ရွာချလိုက်လို့ အနီးအနားက လမ်းတွေဟာ မြစ်တွေအဖြစ် ပြောင်းလဲသွားပါတယ်။

အမျိုးအစား-၁ ဟာရီကိန်းမုန်တိုင်းအဖြစ် တနင်္လာနေ့ မနက် ၇ နာရီအချိန်လောက်က ဖလော်ရီဒါပြည်နယ် ကို ဝင်ရောက်တိုက်ခတ်ပြီးနောက် လေတိုက်နှုန်းအချို့ လျော့ကျသွားပါတယ်။
မုန်တိုင်းဟာ တောလာဟက်ဆီရဲ့ အရှေ့တောင်ဘက် မိုင် ၇၀ လောက်အကွာ ဘစ်ဘန်းဒေသထဲကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီး လေတိုက် နှုန်း တစ်နာရီ မိုင် ၈၀ အထိ ရှိတယ်လို့ အမျိုးသားဟာရီကိန်းစင်တာက ပြောပါတယ်။
ဒက်ဘီဟာ အင်္ဂါနေ့ ညမှာ ကမ်းလွန်ပင်လယ်ပြင်ကနေ အတ္တလန်တိတ်ကို ရွေ့လျားမှာဖြစ်ပြီး သီတင်းပတ်နှောင်းပိုင်းမှာ ပြန်လည် အားကောင်းလာကာ ကုန်းတွင်းပိုင်းကို ပြန်လည်ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။