လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဟားမာ့စ် နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယက်ရဲ့ ရုပ်အလောင်းဟာ သင်္ဂြိုဟ်မဲ့ နေရာဖြစ်တဲ့ ကာတာနိုင်ငံ ဒိုဟာမြို့ကို ကြာသပတေးနေ့က ရောက်ရှိလာပါတယ်။
ဟားမာ့စ်ရဲ့ ခေါင်းဆောင်ဟောင်း ခါလတ်ဒ် မီရှားလ် အပါအဝင် ဟားမာ့စ်စစ်သွေးကြွအဖွဲ့ဝင်တွေဟာ ဒိုဟာ နိုင်ငံတကာလေဆိပ် ဧည့်ခန်းမဆောင်မှာ ဟာနီယက်ရဲ့ ရုပ်အလောင်းကို လက်ခံရယူဖို့ စောင့်ဆိုင်းနေကြတာကိုလည်း အခုလို တွေ့ရပါတယ်။
ကာတာနိုင်ငံမှာ အများအားဖြင့် နေထိုင်တဲ့ ဟာနီယက်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက အီရန်နိုင်ငံ မြို့တော် တီဟီရန်မှာ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွက် အစ္စရေးနိုင်ငံကို လက်စားချေမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ထွက်ပေါ်နေပြီး ဂါဇာမှာ ဖြစ်နေတဲ့ စစ်ပွဲဟာ အရှေ့အလယ်ပိုင်း ဒေသတစ်ခွင်ကို ပြန့်ကားလာမှာကိုလည်း စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။
ဟာနီယတ်သေဆုံးခဲ့ရတဲ့ အဲဒီတိုက်ခိုက်မှုကို အစ္စရေးနိုင်ငံက လုပ်ဆောင်ခဲ့တာလို့ ယူဆသုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီးတော့ အစ္စရေးအစိုးရက အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တာဝန်ခံပြောဆိုတာမျိုး မရှိသလို အဲဒီသတ်ဖြတ်ခံရမှုအပေါ်မှာလည်း မှတ်ချက်ပေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
သတင်းရင်း မြစ်တစ်ခုကို ကိုးကားပြီး CNN သတင်းက ဖော်ပြရာမှာတော့ ဟာနီယက်ကို တီဟီရန်က သူ့ရဲ့ နေအိမ်ထဲမှာ လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက ထောင်ထားတဲ့ခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်းနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
သူရဲ့ ရုပ်အလောင်း သင်္ဂြိုဟ်မဲ့ အခမ်းအနားကို သောကြာနေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။